ယီမင် သမ္မတ ရာထူးက ဆင်းဖို့ သဘောတူ

  • 24 ဧပြီ 2011
Saleh ဓာတ်ပုံ မူပိုင် BBC World Service
Image caption ၃၂ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဆာလေး ဆင်းပေးဖို့ အချိန်စေ့ပြီ။

လူတရာကျော် သေဆုံးခဲ့တဲ့ နှစ်လကြာ ဆန္ဒပြပွဲတွေ အပြီးမှာ ယီမင်ကို နှစ်သုံးဆယ် ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဆာလေး ရာထူးက ဆင်းပေးဖို့ သဘောတူ လိုက်ပါပြီ။

ရက်သုံးဆယ် အတွင်း အစိုးရသစ်ကို အာဏာ လွှဲပေးဖို့ ပင်လယ်ကွေ့ နိုင်ငံတွေက တင်ပြ လာတဲ့ အစီအစဉ်ကို ယီမင် သမ္မတ အဘဒူလာ ဆာလေးက သဘောတူ လိုက်ပါတယ်။

ဒီအစီအစဉ်အရ အတိုက်အခံတွေနဲ့ သဘော တူညီချက် တခု လက်မှတ် ထိုးပြီး ရက်သုံးဆယ် အကြာမှာ သူ့ရဲ့ လက်ရှိ အာဏာကို ဒုတိယ သမ္မတကို လွှဲပေးမှာ ဖြစ်ပြီး အပြန်အလှန် အားဖြင့် သူ့ကို တရား စွဲဆိုမှုတွေကနေ ကင်းလွတ်ခွင့် ပေးမှာ ဖြစ်ပါတယ်။

ခုသဘောတူညီချက် ထွက်မလာခင်ထိ အတိုက်အခံတွေက သမ္မတ ဆာလေးကို တရားမစွဲ ရဘူးဆိုတဲ့ အချက်ကို လက်မခံနိုင် ဖြစ်နေပေမယ့် ခုနောက်ဆုံးမှာ အတိုက်အခံ ခေါင်းဆောင် ယက်ဆင် နိုမင် ကိုယ်တိုင်က အာဏာ လွှဲပြောင်းပေးဖို့ သဘော တူညီချက်ကို ကြိုဆိုလိုက်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန် အစိုးရက ဒီသဘောတူညီချက်ကို ကြိုဆိုလိုက်ပြီး သက်ဆိုင်ရာ ပါတီ အဖွဲ့ အစည်း အားလုံးက အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို အမြန် ဖော်ဆောင်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ဒါပေမယ့် အစိုးရ သစ်ထဲမှာ သူကိုယ်တိုင်တော့ ပါမှာ မဟုတ်ဖူးလို့ ဆိုပါတယ်။

ယီမင်ဟာ အာရပ် နိုင်ငံတွေထဲမှာ အဆင်းရဲဆုံး နိုင်ငံ ဖြစ်ပြီး ခုလက်ရှိ ဆန္ဒပြပွဲတွေ မတိုင်ခင်မှာကို အယ်ကိုင်ဒါနဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေက အစိုးရကို တလျှောက်လုံး စိန်ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

ယီမင်က ဆန္ဒပြပွဲတွေ နှစ်လ အကြာမှာ ခုလို ရာထူးက ဆင်းပေးဖို့ သဘောတူခဲ့ရတာ ဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့လက ဆာနား မြို့တော်က ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းရာမှာ လူ လေးဆယ်ငါးယောက် သေဆုံး ခဲ့ပြီးနောက် သူ့အစိုးရ အဖွဲ့ထဲက ဝန်ကြီးတွေနဲ့ သံအမတ်ကြီးတွေ ကိုယ်တိုင် ရာထူးက နှုတ်ထွက်တဲ့ထိ ဖြစ်လာခဲ့ပါတယ်။

ဆီးရီးယား လူထပ်သေ

ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယားမှာ နှစ်ရက်အတွင်း လူတရာကျော် သေဆုံး

ဆီးရီးယား နိုင်ငံမှာလည်း သောကြာနေ့က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ သေဆုံး ခဲ့သူတွေရဲ့ အသုဘကို လာပို့တဲ့ လူအုပ်ထဲကို လုံခြုံရေး တပ်တွေက ပစ်ခတ်ရာမှာ အနည်းဆုံး လူ တဒါဇင်လောက် သေဆုံးခဲ့ပါတယ်။

သောကြာနေ့က ဆန္ဒပြပွဲမှာ အနည်းဆုံး လူ ရှစ်ဆယ့် နှစ်ယောက် သေဆုံးခဲ့ပြီး မငြိမ်သက်မှုတွေ စတင်တဲ့ လွန်ခဲ့တဲ့ ငါးပတ် အတွင်းမှာ လူ အများဆုံး သေဆုံးခဲ့တဲ့နေ့ ဖြစ်ပါတယ်။

မသာပို့သူတွေကို ပစ်ခတ်မှုကို ကန့်ကွက်တဲ့ အနေနဲ့ အဲဒိမြို့က ထိပ်တန်း ဘာသာရေး ခေါင်းဆောင် တယောက်နဲ့ လွှတ်တော် အမတ် နှစ်ယောက် ရာထူးက နှုတ်ထွက် သွားပါတယ်။

ပြီးခဲ့တဲ့ လလယ်က စဆန္ဒပြချိန်ကနေ ခုထိ သေဆုံးသူ သုံးရာ နီးနီး ရှိသွားပြီ ဖြစ်ပြီး ဆယ်စုနှစ်နဲ့ချီ ထုတ်ပြန်ထားတဲ့ အရေးပေါ် အုပ်ချုပ်ရေး အခြေအနေကို အစိုးရက ရုပ်သိမ်းပြီးနောက်မှာ သောကြာနေ့က လူပေါင်းများစွာ လမ်းပေါ် ထွက်လာတာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံထဲကို ပြည်ပက သတင်းထောက်တွေ မဝင်နိုင် ဖြစ်နေတဲ့အတွက် မျက်မြင် သက်သေတွေ ပြောတဲ့ သေဆုံး ဒဏ်ရာရသူ အရေ အတွက်ကို သီးခြား လွတ်လပ်စွာ အတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။

အိမ်နီးချင်း လက်ဘနွန် နိုင်ငံမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် အိုဝင် ဘဲနက်ဂျူးက ဘေရွတ် ကနေ သတင်းပေးပို့ရာမှာ အစိုးရက လမ်းပေါ်က ဆန္ဒပြသူတွေကို ရှင်းဖို့ ကျည်ဆံ အစစ်တွေနဲ့ ပစ်ခတ်ခဲ့ပုံ ရတယ်လို့ ပြောပါတယ်။

တိုက်ပွဲ အရှိန် မြင့်လာနေပြီး ဆီးရီးယား ပြည်သူ အတော်များများက သမ္မတ အာဆတ် အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ ပြောင်ပြောင် တင်းတင်း တောင်းဆို လာနေရာမှာ အစိုးရ ဘက်က ရတဲ့ နည်းလမ်း မှန်သမျှ သုံးပြီး ဖြေရှင်းနေပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။