ဥရောပကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ အခြေအနေလာကြည့်

  • 25 ဧပြီ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရသစ်တက်လာလို့ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စား တာ ဖြစ်နိုင်

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ထိုင်းနိုင်ငံ ဆိုင်ရာ သြစတြီးရီးယား သံအမတ်ကြီးဦးဆောင်ပြီး နာမည်ကြီး ခရစ္စတယ်နဲ့ ကျောက်မျက်ကုမ္ပဏီ Swarovski အပါအဝင် ဥရောပကုမ္ပဏီ ၂၀ကျော်တို့ဟာ ပြီးခဲ့တဲ့မတ်လက လုပ်ငန်းကိုင်ငန်း အခြေအနေကို လာကြည့်သွားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းမှာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လုပ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ဆက်ပြီးထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဥရောပသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုတွေအရ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေ ပိတ်ပင်ထားသလို ကျောက်မျက်ရတနာ၊ သစ် နဲ့ သတ္တုတွင်းလုပ်ငန်းစတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုတ်နှံမှု ရောင်းဝယ်ဖေါက်ကားမှုတွေကို ကန့်သတ် တားမြစ်ထားပါတယ်။

အခုလို ဥရောပ ကုမ္ပဏီတွေ မြန်မာနိုင်ငံကို သွားတာဟာ ဥရောကသမဂ္ဂရဲ့ Sanction System ပိတ်ဆို့ အရေးယူမှုစနစ် အားနည်းတာကို ပြနေတယ်လို့ မြန်မာအရေး လှုပ်ရှားနေတဲ့ Burma Campaign UK က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာလို့ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိနေပြီလို့ ယူဆကြတာနဲ့ မြန်မာ ကျပ်ငွေ ခိုင်နေတာတွေတို့ကြောင့် နိုင်ငံခြား ကုမ္ပဏီတွေက စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားတာ ဖြစ်နိုင်တယ်လို့ မြန်မာဓန မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဦးသီဟစောက ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ရှိနေတာ၊ နိုင်ငံခြား ငွေလဲနှုံး ၂ မျိုး ၃မျိုးရှိနေတာမျိုး ငွေကြေးနဲ့ပတ်သက်တဲ့ အာမခံချက် စတာတွေကိုလည်း စီးပွားရေး လာလုပ်မဲ့ ကုမ္ပဏီတွေ ထည့်သွင်းစဉ်းစားကြလိမ့်မယ်လို့ ဆိုပါတယ်။