တာလီဘန်တွေ အကျဉ်းထောင် ဖောက်ထွင်း

  • 25 ဧပြီ 2011
Afghan jail ဓာတ်ပုံ မူပိုင် REUTERS
Image caption ကန်ဒါဟာ အကျဉ်းထောင်

အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်း ကန်ဒါဟာ ပြည်နယ် ရဲ့ ဗဟို အကျဉ်းထောင်ကနေ တာလီဘန် အကျဉ်းသား ငါးရာနီးပါး ထွက်ပြေးလွတ်မြောက်သွားခဲ့ ပါတယ်။

အဲဒီငါးရာလောက်ထဲမှာ တာလီဘန် တပ်မှူးတစ်ရာလောက်လည်း ပါဝင်ပါတယ်။

အာဖဂန်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က အခုအကျဉ်းထောင် ဖောက်ထွင်းမှုကို အလွန်ဆိုးဝါးတဲ့ အဖြစ်အပျက်ကြီးလို့ပြောဆိုပါတယ်။

ပါလီမန် အမတ်ဟောင်းတယောက်ဖြစ်တဲ့ ဒေါက်ဒ် ဆူလ် တန် ဇိုင်းကတော့ ထောင်ဖောက်မှုဟာ အကြောင်းမဲ့ ဖြစ်တာမဟုတ်ဘူး။ လူအများပါဝင်ပူးပေါင်းမှုနဲ့ ဖြစ်ခဲ့တာပါ။ အတွင်းလူပူးပေါင်းပါဝင်မှုမရှိဘဲနဲ့ ဒီလို ထောင်ဖောက်မှုကြီး မဖြ်စနိုင်ဘူးလို့ သတိပေး ပြောဆိုသွားတာဖြစ်ပါတယ်။

အကျဉ်းသား သုံးပုံတပုံလောက် ထွက်ပြေးလွတ်မြောက်နိုင်လောက်တဲ့ မြေအောက်လိုက်ခေါင်းကြီး တူးဖို့အတွက် လနဲ့ ချီပြီး အချိန်ယူခဲ့ရတယ်လို့ သူပုန်တွေက ဆိုပါတယ်။ ထွက်ပြေးလွတ်မြောက်သူတယောက်ရဲ့ အပြောအရ နာရီဝက်လောက်လိုဏ်ခေါင်းထဲမှာ တွားသွားခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ်တုံးက တာလီဘန် သူပုန်တွေက အကျဉ်းထောင်တံခါးကို တိုက်ခိုက် ချိုးဖျက်ပြီး အကျဉ်းသား တထောင်လောက်ကို ကယ်တင်သွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီးကတည်းက လုံခြုံရေး တိုးမြှင့်ထားခဲ့တဲ့ ကြားက အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။