မူဘာရက်ကို ထောင်ဆေးရုံကို ပို့တော့မယ်

  • 25 ဧပြီ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption နာမကျန်း ဖြစ်နေတဲ့ မူဘာရက်

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း Hosni Mubarak ကို ကိုင်ရိုမြို့က ထောင်ဆေးရုံကို လွှဲမပေးခင် စစ်ဆေးရုံတခုမှာ ထားဖို့ အစိုးရ ရှေ့နေအမိန့် ပေးထားပါတယ်။

အသက် ဂ၂နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ မူဘာရက်ဟာ အဂတိလိုက်စားမှုနဲ့ လူထု အုံကြွမှု ဖြစ်ခဲ့တုန်းက ဆန္ဒပြ သမားတွေကို သတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲမှု တွေ ရှိနေတဲ့အတွက် သူ့ကို စစ်ဆေးမေးမြန်းစဉ် ရုတ်တရက် နာမကျန်း ဖြစ်ခဲ့ လို့ ပင်လယ်နီမှာ ရှိတဲ့ Sharm el-Sheikh အပန်းဖြေစခန်းက ဆေးရုံမှာ တက်ရောက်ကုသ နေရတာ ဖြစ်ပါတယ်။

Tora တိုရာ ထောင်မှာ အရေးပေါ် ကုသမှုပေးနိုင်တဲ့ ပစ္စည်း အစုံအလင် ရှိလာအောင် ထောင်ဆေးရုံကို ပြင်ဆင်ဆဲ ဖြစ်ပါတယ်။

မစ္စတာ မူဘာရက်ရဲ့ သားတွေ ဖြစ်တဲ့ ဂျမားလ်နဲ့ အယ်လာတို့ဟာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အဲဒီထောင်မှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

မူဘာရက် အစိုးရ လက်ထက်တုန်းက အစ္စရေးကို ပေါက်စျေးအောက် လျှော့ပြီး ဓါတ်ငွေ့တွေ ရောင်းခဲ့တာ အပါအဝင် အကျင့်ပျက် လာဘ်စားမှု စွပ်စွဲချက်တွေကို သူရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လူထုအုံကြွမှုတွေ အတွင်း လူပေါင်း ၈ဝဝကျော် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ပစ်မိန့်ပေးရာမှာ သူပါဝင်ခဲ့မှု စေခိုင်းမှုတွေ အတွက်လည်း အစစ်ခံရမှာ ဖြစ်ပါတယ်။

သမ္မတဟောင်း မူဘာရက်ဟာ ဖေဖော်ဝါရီလတုန်းက လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရာထူးက နှုတ်ထွက်ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

အီဂျစ် လူထုကြီးကတော့ လက်ရှိ စစ်ခေါင်းဆောင်တွေက မူဘာရက်ကို အကာအကွယ်ပေးလေ မလားလို့ သံသယတွေ ရှိနေကြပေမယ့် အခုတော့ မူဘာရက်လည်း သူ့သားတွေ ၊ သူ့လုပ်ဖော် ကိုင်ဘက်တွေလိုဘဲ ထောင်နန်းစံရတော့မှာ ဖြစ်တာကြောင့် အီဂျစ်လူထု စိတ်ပူနေတဲ့ သံသယတွေ ပျောက်ကုန်ပြီလို့ ဘီဘီစီ သတင်းထောက်တယောက်က ပြောပါတယ်။