လူတွေ ကယ်ထုတ်ရာ မစ်စရာတာကို ကဒါဖီတပ်တွေ ဒုံးကျည်နဲ့ပစ်

  • 27 ဧပြီ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မစ်စရာတာကို ပြန်သိမ်းဖို့ ကဒါဖီတပ်တွေ ကြိုးစား

လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက အမြောက် ဒုံးကျည်တွေနဲ့ ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး အစိုးရ ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမားတွေ ထိန်းချုပ် ထားရာ Misrata မြို့ကို ပြန်သိမ်းယူဖို့ ကြိုးစား နေတယ်လို့ သတင်း ရရှိပါတယ်။

လစ်ဗျားက တိုက်ပွဲ ဖြစ်ပွားမှုတွေ ကနေ ထွက်ပြေးဖို့ ကြိုးစားသူတွေအတွက် ကယ်ထုတ်နိုင်ရာ လမ်းကြောင်းဖြစ်တဲ့ မစ်စရာတာ ဆိပ်ကမ်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် လူသုံးယောက် သေဆုံး သွားတယ်လို့ သတင်းတွေ ရရှိပါတယ်။

လူမှု ကယ်ဆယ်ရေး အကူအညီတွေ ပေးအပ်ပြီး ရွေ့ပြောင်း အလုပ်သမားတွေကို ကယ်ထုတ်ဖို့ ရောက်လာတဲ့ International Organisation of Migration အဖွဲ့က သင်္ဘောတစင်း ကိုလည်း ဆိပ်ကမ်းမှာ ကပ်ခိုင်းထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကုန်တုန်းက ဘန်ဂါဇီမြို့မှာလိုဘဲ ထရစ်ပိုလီမြို့မှာ ကုလသမဂ္ဂက လူမှု ကယ်ဆယ်ရေး အကူအညီတွေ ပေးအပ်ခဲ့ပြီး တချိန်တည်းမှာ အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေးအရ အဖြေရှာမှု ရအောင် သံခင်းတမန်ခင်း အရ ကုလသမဂ္ဂက အလေးထား ကြိုးစား နေပါတယ်လို့ လစ်ဗျား အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဗင်နီဇွဲလား သမ္မတ Hugo Chavez

အာဖရိက မြောက်ပိုင်းက ပဋိပက္ခတွေ အဆုံးသတ် သွားအောင် နည်းလမ်းရှာဖို့ ဗင်နီဇွဲလားမှာ လစ်ဗျားက ကိုယ်စားလှယ် အရာရှိ အဖွဲ့ ရောက်နေတယ်လို့ သမ္မတ Hugo Chavez က ပြောပါတယ်။

လစ်ဗျားက အစိုးရဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမား သူပုန်တွေနဲ့ အစိုးရကြား ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် မစ္စတာ ရှာဗက်ဇ်က အဆိုပြု ခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်း အဖြေတခု ပေါ်ပေါက်လာဖို့ သူ့အနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေကို စုစည်းနိုင်အောင် ကြိုးစား သွားမယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ရှာဗက်ဇ်ဟာ လစ်ဗျားခေါင်းဆောင် မွာမာ ကဒါဖီနဲ့ နီးစပ်တဲ့ မိတ်ဆွေ တယောက်ဖြစ်ပြီး သူ့အဆိုအရ လစ်ဗျားမှာ အစိုးရ ဆန့်ကျင်တဲ့ တိုက်ခိုက်ရေး သမား သူပုန်တွေလား အစိုးရ တပ်တွေလား ခွဲခြား မသိဘဲ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်နေမှုကို မစ္စတာ ရှာဗက်က ရှုတ်ချ ခဲ့ပါတယ်။