လက်ထပ်​တဲ့​နေ့​မှာ...

  • 26 ဧပြီ 2011

ဝက်စ်မင်စတာ ဘုရားကျောင်း အကြီးအကဲ ဘုန်းတော်ကြီးက မင်္ဂလာ အခမ်းအနား အစီအစဉ်ကို ဦးဆောင်ပြီး ကန်တာဘူရီမြို့ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက မင်းသား ဝီလျံနဲ့ ကိတ် မစ်ဒဲလ်တန်တို့ကို လက်ထပ် ပေးမှာ ဖြစ်ပါတယ်။

Image caption မင်းသား ဝီလျံနဲ့ ကိတ်

ချားလ်စ် မင်းသားနဲ့ အရင်းနှီးဆုံး မိတ်ဆွေလည်းဖြစ်၊ မင်းသား ဝီလျံနဲ့လည်း ကာလရှည်ကြာ ခင်မင်နေတဲ့ လန်ဒန်က ဘုန်းကြီးကတော့ မင်္ဂလာ သြဝါဒ စကား ပြောကြား ပေးမှာ ဖြစ်ပါတယ်။

ကိတ်ရဲ့ သတို့သမီး ဝတ်စုံက ဘယ်လိုပုံစံ၊ ဘယ်လိုဒီဇိုင်း ရှိမလဲ ဆိုတာကတော့ အခုထက်ထိ လျှို့ဝှက် ထားဆဲဖြစ်ပေမယ့် သူ့ဝတ်စုံဟာ တည်တည်ခန့်ခန့် ရိုးရိုးယဉ်ယဉ်ပဲ ဖြစ်လိမ့်မယ်လို့ မှန်းကြပါတယ်၊ ရိုးပေမယ့်လည်း မင်းသား ဝီလျံရဲ့ ကြင်ယာတော် ဝတ်မယ့် ဝတ်စုံ ဖြစ်တာမို့ ထင်းထင်းလေး ဖြစ်နေမှာတော့ သေချာပါတယ်။

မင်္ဂလာပွဲမှာ ပန်းကိုင်နဲ့ လက်စွပ်ကိုင်ဖို့ မိန်းကလေးငယ်လေး လေးဦးနဲ့ ယောက်ျားလေး နှစ်ဦးတို့ ပါကြမှာ ဖြစ်ပါတယ်၊ ဒီကလေးတွေကလည်း နှစ်ဘက်စလုံးရဲ့ ဆွေမျိုးတွေနဲ့ သူတို့တွေရဲ့ သူငယ်ချင်းတွေရဲ့ သားသမီးတွေထဲက ရွေးချယ် ခေါ်ထားတာ ဖြစ်ပါတယ်။

ဝီလျံမင်းသားရဲ့ သတို့သားအရံ အဖြစ် ညီအရင်းဖြစ်တဲ့ မင်းသား ဟယ်ရီက ဆောင်ရွက်မှာ ဖြစ်ပြီး၊ သတို့သမီး အရံအဖြစ် ကိတ်ရဲ့ ညီမရင်းဖြစ်တဲ့ ပစ်ပါက ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မင်္ဂလာဆောင် အခမ်းအနား ကျင်းပမယ့် ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်းဟာ ၁၁ ရာစုနှစ်က တည်ဆောက် ခဲ့တာမို့ နှစ်ပေါင်း ၁၀၀၀ သက်တမ်း ရှိနေပြီ ဖြစ်ပြီး၊ အဲဒီမှာ ဘုရင်တွေ၊ ဘုရင်မတွေရဲ့ ထိမ်းမြှား မင်္ဂလာ ဆောင်နှင်းတဲ့ အခမ်းအနားတွေ၊ နန်းတက်ပွဲ ဘိသက်ခံ အခမ်းအနားတွေနဲ့ အသုဘ အခမ်းအနားတွေ ကျင်းပတဲ့ နေရာလည်း ဖြစ်ပါတယ်။

သတို့သမီး ကိတ်ကိုင်မယ့် ပန်းစည်းမှာလည်း ဘုရင်မကြီး ဝိတိုရိယ မင်္ဂလာဆောင်တုန်းက ကိုင်တဲ့ ပန်းစည်းထဲကနေ မျိုးပွား စိုက်ပျိုးထားတဲ့ ပန်းတမျိုး ဖြစ်တဲ့ တော်ဝင်ချစ်ပန်းလို့ ခေါ်ရမယ့် Myrtle ပန်းတွေ ပါမှာ ဖြစ်ပါတယ်။

တော်ဝင်မင်္ဂလာပွဲတွေမှာ အခုဆို သတို့သမီးတွေက ဒီပန်းစည်းတွေကို မင်္ဂလာပွဲမှာ နောက်ပြန် မပစ်တော့ဘဲ ဘုရားကျောင်းမှာ ပြန်ထားကြလို့ အဲဒီကနေတဆင့် လူမသိ သူမသိ ကျဆုံးသွားတဲ့ စစ်သည်တော်တွေရဲ့ အုတ်ဂူမှာ သွားထားမှာ ဖြစ်ပါတယ်။ ကိတ်လည်း အလားတူ လုပ်မှာလို့ သိရပါတယ်။

မင်္ဂလာဆောင် အခမ်းအနားရဲ့ တေးဂီတ သီကျူးမှုကိုတော့ ဝက်စ်မင်စတာ သံစုံဓမ္မတေးအဖွဲ့ (ကွိုင်ယာ) နဲ့ တော်ဝင်ဘုရားကျောင်း ကွိုင်ယာတို့က လန်ဒန် အော့ခက်စထရာ သံစုံတီးဝိုင်း၊ တော်ဝင်လေတပ် ဗဟိုတီးဝိုင်းရဲ့ ပျော်တော်ဆက်အဖွဲ့နဲ့ နိုင်ငံတော် လေမှုတ်တူရိယာ အဖွဲ့တို့က သီဆို တီးမှုတ်ကြမှာ ဖြစ်ပါတယ်။

ဘက်ကင်ဟမ်နန်းတော်မှာ ကျင်းပမယ့် မင်္ဂလာဧည့်ခံပွဲမှာတော့ ဝေလမင်းသား ချားလ်စ်ရဲ့ တော်ဝင် စောင်းဆရာ ကလယ်လ် ဂျုံးစ် က ဧည့်ခံ ဖျော်ဖြေ ပေးမှာ ဖြစ်ပါတယ်။

မင်္ဂလာလက်ထပ်လက်စွပ်မှာတော့ မင်းသား ဝီလျံက လက်ထပ်လက်စွပ် ဝတ်မှာ မဟုတ်ဘဲ၊ ကိတ်ကတော့ မင်းသားကို ဘုရင်မကြီး ပေးထားတဲ့ ရွှေနဲ့လုပ်ထားတဲ့ လက်စွပ်ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

ဓလေ့ထုံးတမ်းစဉ်လာအရ တော်ဝင်လက်စွပ်တွေ လုပ်ဖို့ ဝေလနယ်ထွက် ရွှေတွေဟာ ဝေလပြည် မြောက်ပိုင်း ဘောင့်ဒူးအရပ်က ကလော့ဂူး စိန့် ဒေးဗစ် မိုင်းတွင်းက ထွက်တာကို သုံးစွဲတာ ဖြစ်ပါတယ်။

လိုင်ချက်စတာ ရှိုင်းယားက နာမည်ကျော် မုန့်ဖုတ်သမား ဖီအိုနာ ကိန်း ဖုတ်မယ့် ပန်းစကားလို့ ခေါ်တဲ့ အလွှာအဆင့် အထပ်တွေ အများကြီး ပါတဲ့ ရိုးရာ သကြားခဲအုပ်ထားတဲ့ သစ်သီးကိတ် ကတော့ မင်္ဂလာပွဲရဲ့ အဓိက ကိတ်မုန့်ကြီး ဖြစ်လာမှာပါ၊ တခါ နာမည်ကျော် မုန့်ကုမ္ပဏီ မက်ဗတီးစ်ကတော့ မင်းသား ဝီလျံအကြိုက် ချော့ကလက် ဘီစကစ် ကိတ်မုန့်ကို ထုတ်လုပ် ပေးမှာ ဖြစ်ပါတယ်။

ဒီမင်္ဂလာပွဲကြီးတခုလုံးကို အစစ အရာရာ စုံစုံစေ့စေ့နဲ့ အောင်မြင်အောင် အဓိက စီစဉ်သူကတော့ ဝီလျံမင်းသားရဲ့ အတွင်းရေးမှူး ဂျေမီး လိုသာ ပင်ကာတန် ဖြစ်ပါတယ်။ သူ့ကို ကူညီသူကတော့ မင်းသားရဲ့ ကိုယ်ရေး အတွင်းရေးမှူး ဟယ်လင် အက်စ်ပရေ ဖြစ်ပါတယ်။