ဆီးရီးယားကို နိုင်ငံတကာ ပြစ်တင် ရှုံချ

  • 27 ဧပြီ 2011
Syria ဓာတ်ပုံ မူပိုင် amature video
Image caption ဆီးရီးယား အာဏာပိုင်တွေက တင့်ကားတွေ၊ ကျည်ဆံ အစစ်တွေသုံး ဖြိုခွဲခဲ့

ဆန္ဒပြမှုတွေကို ရက်ရက် စက်စက် နှိမ်နင်းမှု အတွက် ဆီးရီးယား အစိုးရကို နိုင်ငံတကာ ရဲ့ ပြစ်တင် ရှုံချသံတွေ ပိုကျယ်လောင်လာ ပါတယ်။

ဆီးရီးယား အာဏာပိုင်တွေရဲ့ ပစ်သတ်မှုနဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ငါးပတ် အတွင်းမှာ လူလေးရာကျော် သေဆုံးခဲ့ပါတယ်။

ခုနောက်ဆုံး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ဆီးရီးယား အစိုးရကို ပြစ်တင် ရှုံချ လိုက်သလို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိတ်ကလည်း ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒ ပြမှုတွေကို ဆီးရီးယား လုံခြုံရေး တပ်တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုကို ပြစ်တင် ရှုံချကြောင်း၊ ဆီးရီးယား ပြည်သူတွေ တောင်းဆိုတဲ့ အတိုင်း စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရလိမ့်မယ်လို့ ဝီလီယံဟိတ်က ပြောသွားပါတယ်။

ဒီနေ့ တရက်ထဲမှာ လူပေါင်း ဆယ့်တယောက်ထက် မနည်း ထပ်မံ သေဆုံးခဲ့ပြီး ဆန္ဒပြ အမျိုးသမီး တယောက်က ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ စုံစမ်း စစ်ဆေးမှု ချက်ချင်း လုပ်ပြီး လူမှု ကယ်ဆယ်ရေး အကူအညီတွေ ချက်ချင်း ပေးဖို့ တောင်းဆိုတယ်လို့ ပြောခဲ့ ပါတယ်။

ဒီတော့ နိုင်ငံတကာက ဆီးရီးယား နိုင်ငံထဲက အကျပ်အတည်းကို ဘာများ လုပ်ပေး နိုင်မှာလဲ။

ဘန်ကီမွန်းက မနေ့ နေ့လည်က ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို သူ့ရဲ့ အရှေ့အလယ်ပိုင်း ခရီးကို အစီရင်ခံပါတယ်။

ခုထိတော့ ယေဘုယျ ဆွေးနွေးတဲ့ အဆင့်ပဲ ရှိသေးပြီး ဆီးရီးယားနဲ့ ပတ်သက်ပြီး ဘာမှ တိတိကျကျ မရေးဆွဲရသေးဘူးလို့ သံတမန်တွေက ပြောပြပါတယ်။

ဒါပေမယ့် ရေးထားသလောက် မူကြမ်းမှာတော့ လက်ရှိ အကြမ်းဖက်မှုတွေကို ပြစ်တင် ရှုံချတယ်၊ နောက်ဘန်ကီမွန်း တောင်းဆိုသလို စုံစမ်း စစ်ဆေးရေး လုပ်ဖို့လည်း ပါပါတယ်။

ဆီးရီးယား ကိစ္စကို ဒီနေ့ ဗုဒ္ဓဟူးနေ့ထိ ရွှေ့ဆိုင်းထားပြီး ဒီနေ့မှာ ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက သူတို့ အစိုးရတွေ ဆီကနေ ဆီးရီးယားနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တွေ ဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ခုလောလောဆယ်မှာတော့ လုံခြုံရေး ကောင်စီက ပြဌာန်း ဆုံးဖြတ်ချက် ချတဲ့ အဆင့်ကို ရောက်မှာ မဟုတ်ဘဲ ကြေညာချက် လောက်ပဲ ထုတ်ဖို့ လုပ်နေပါတယ်။

ရည်ရွယ်ချက်ကတော့ ဆီးရီးယားက အဖြစ်အပျက်တွေကို နိုင်ငံတကာက သေချာ စောင့်ကြည့်နေတယ်ဆိုတာ ဆီးရီးယား အစိုးရကို ပြင်းထန် နိုင်သမျှ အပြင်းထန်ဆုံး သတိပေးချင်ပုံ ရပါတယ်။

အဲဒိကနေ ဆီးရီးယားကို ဖိအား ပိုပို ပေးလာနိုင်မယ့် အနေအထားကို မြင်ရရင် လစ်ဗျားကို လုပ်သလို ဒဏ်ခပ် ပိတ်ဆို့မှု ပြဌာန်း ဆုံးဖြတ်ချက် ချတဲ့ထိ ဖြစ်လာနိုင်ပါတယ်။

အဲဒိအခါ စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုပါ ပါလာနိုင်ပါတယ်။

လောလောဆယ်မှာတော့ ကြေညာချက် ထုတ်ပြန်ပြီး အခြေအနေကို အကဲခပ်နေတဲ့ အဆင့်ပဲ ရှိနေသေးတယ်လို့ ဘာဘရာ ပလက်က နယူးယောက်ကနေ သတင်းပေးပို့ ထားပါတယ်။