ဆီးရီးယားမှာ ပစ်ခတ်မှုတွေထပ် ဖြစ်ပြန်

  • 26 ဧပြီ 2011
Syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption Derra မြို့မှာ သံချပ်ကာကား တွေ စေလွှတ် ထားပါတယ်။

ဆီးရီးယား နိုင်ငံ Deraa မြို့ကလာတဲ့ သတင်းတွေ အရ တနင်္လာနေ့က တပ်ဖွဲ့တွေ နဲ့ တင့်ကားတွေ မြို့တွင်းကို စေလွှတ်ခဲ့ပြီးတဲ့ နောက် ပစ်ခတ်မှုတွေ ပိုမို ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်သား အတော်များများ လည်း သေဆုံးခဲ့တယ်လို့ တရားဝင် သတင်းဌာနတစ်ခုက ပြောပါတယ်။

စစ်တပ်ကတော့ အကြမ်းဖက် အုပ်စုတွေရဲ့ ဆောင်ရွက်မှုတွေကို ရပ်တန့်စေလိုတဲ့ အရပ်သားတွေက အကူအညီ တောင်းခံ လာတာကို တုံ့ပြန်တဲ့ အနေနဲ့ သူတို့ တပ်တွေ မြို့ထဲ ဝင်တာလို့ ပြောပါတယ်။

ဒါပေမဲ့ အစိုးရ ကို ဆန့်ကျင် သူတွေကတော့ ဒါဟာ ပိုမို လွတ်လပ်ဖို့ တောင်းဆို မှုတွေကို နှိပ်ကွပ်ဖို့ ကြိုးပမ်းချက် သာဖြစ်တယ်လို့ ပြောပါတယ်။

လူ အတော်များများလည်း ထိန်းသိမ်းခံကြရတယ်လို့ သူတို့က ပြောပါတယ်။

ဆီးရီးယား အာဏာပိုင်တွေ ကတော့ အရေးပေါ် ဥပဒေ ရုပ်သိမ်းလိုက်ပြီးတဲ့ နောက် ဖမ်းဆီး ခံကြရသူတွေကို အရပ်ဘက် တရားရုံးမှာ ကြားနာ စစ်ဆေးမယ်လို့ ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ ဆီးရီးယား နိုင်ငံတွင်းမှာ မသေချာမှုတွေ မတည်ငြိမ်မှုတွေ ရှိနေတယ်လို့ ဆိုပြီး ဆီးရီးယားမှာ ရှိတဲ့ သူ့ သံရုံးဝန်ထမ်း တချို့ကို နိုင်ငံ ကနေ ပြန်ခေါ်ထား ပါတယ်။

ဒါ့အပြင် ဆီးရီးယား အာဏာပိုင်တွေက ဆန္ဒပြသူတွေ အပေါ် အင်အားသုံး ပြီး အကြမ်းဖက် ဖိနှိပ် နေတာ ကို ရပ်ဆိုင်းသွား အောင် သံတမန် ရေး အရ ဖိအားတွေ လည်းသုံး နေပါတယ်။

ဒါပေမယ့် အနောက် နိုင်ငံ တွေ ရဲ့ ဆီးရီးယား က နိုင်ငံရေး မငြိမ်သက်မှု ပြဿနာ ကို ချဉ်းကပ် ပုံ နဲ့ လစ်ဗျား က မတည်ငြိမ်မှု အရေး ဆောင်ရွက် ပုံ အတော့ ကို ကွဲလွဲ ဖြစ်နေ တယ်လို့ ဘီဘီစီသံတမန်ရေးရာ သတင်းထောက် ဂျွန်နသန် မားကပ်စ်က ပြောပါတယ်။

လစ်ဗျားမှာ အရပ်သား တွေကို တတ်နိုင်သမျှ နည်းမျိုးစုံ သုံးပြီး အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဆုံးဖြတ်ချက်ချ တယ်၊ နေတိုး က လစ်ဗျား အစိုးရတပ် တွေ အပေါ် ဗုံးကြဲပေးတယ်၊ ဗိုလ်မှူးကြီး ကဒါဖီ အာဏာ ကနေဆင်းဖို့ အတွက် အမေရိကန်နဲ့ အနောက် နိုင်ငံ တွေ က အကြိမ်ကြိမ် တောင်းဆို နေပါတယ်။

ဆီးရီးယား မှာတော့ သံတမန် နည်း အရ ဖြည်းဖြည်းချင်း ပဲ လုပ်ဆောင် နေတာ တွေ့ရပါတယ်။

ရက်သတ္တပတ် ၂ ပတ်လောက် ဆီးရီးယား အစိုးရတပ် တွေ က ဆန္ဒပြသူတွေကို လက်နက်နဲ့ နှိမ်နှင်း နေတဲ့ အချိန် မှာ ဗြိတိန် က နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ် က လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှု တွေကို ရှုတ်ချ တဲ့ အကြောင်း နောက်တကြိမ် ထပ်ပြီး ဒီနေ့မှာ ထွက်ပြော ပါတယ်။

ဆီးရီးယား ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ နေရာ မပေးဖို့ ကြိုးစား နေတာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဆီးရီးယား ကို ရှုတ်ချ ခဲ့တာ စသဖြင့်တွေ တော့ လုပ် နေ ပါတယ်။

ဆီးရီးယား ကို အရင် ကတည်း က ပြစ်ဒဏ်ခတ် ပိတ်ဆို့မှု တွေ အများကြီး လုပ်ထားတဲ့ အမေရိကန် က လူပုဂ္ဂိုလ် အချို့ ကို ရွေးထုတ်ပြီး ဆန်ရှင် လုပ်ဖို့ စဉ်းစား နေပါတယ်။

ဒါပေမယ့် ဆီးရီးယား သမ္မတ ဘာရှာ အယ် အာရှား ရာထူးကနေ ဆင်းတော့ လို့ ဘယ်နိုင်ငံ ကမှ မတောင်းဆိုပါဘူး။

နိုင်ငံတကာ တပ်တွေ စေလွှတ် ဖို့ ပြင်ဆင်ကြသံ တွေ အခုအချိန် ထိ မကြားရသေးပါဘူး၊

လစ်ဗျား နဲ့ ဆီးရီးယား ကွာတာ ကတော့ လစ်ဗျား ဟာ အရှေ့အလယ် ပိုင်း ရေးရာ ကိစ္စမှာ သိတ်အရေးမကြီးလှ တဲ့ ခပ်ဝေးဝေး က နိုင်ငံတခု ပါ။

ဒမတ်စကပ် ကတော့ အရှေ့ အလယ်ပိုင်း အရေး မှာ ကျယ်ကျယ်ပြန့်ပြန့် ကို ပါဝင် ပါတ်သက်နေတာပါ၊ သူတို့ ဟာ လက်ဘနွန်က ဟစ်စဘိုလာ ၊ ပါလက်စတိုင်း ဟားမတ်စ နောက် အီ၇န် နိုင်ငံ စတာ တွေနဲ့ မဟာမိတ် ပါ။

နောက် လစ်ဗျား မှာ စစ်ရေး နဲ့ ဝင်ရှင်း နေတဲ့ နည်းလမ်း ကလည်း လွယ်လွယ် နဲ့ အကြပ်အတည်း ပြဿနာ ကို နိဂုံးချုပ်နိုင် မယ့်ပုံ မမြင် တဲ့အတွက်လည်း အနောက်နိုင်ငံတွေ ဟာ ဆီးရီးယား အရေး အတွက် ထိန်းကျောင်း ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေ နည်းနေတယ်လို့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် မားကပ်စ်က သုံးသပ်ပါတယ်။