ကိတ်ဘာဝတ်မလဲ

  • 26 ဧပြီ 2011
မင်္ဂလာမောင်နှံအဖြစ်သရုပ်ဆောင်များခေတ်စား ဓာတ်ပုံ မူပိုင် BBC World Service
Image caption မင်္ဂလာမောင်နှံအဖြစ်သရုပ်ဆောင်များခေတ်စား

ဧပြီလ ၂၉ရက်နေ့ရောက်ရင် သတို့သမီးကိတ်ဟာ ဘယ်လိုဝတ်စုံ ဝတ်မလဲ၊ ဘယ်ဒီဇိုင်နာကို ရွေးမလဲဆိုတာ အင်တာနက်က အလောင်းအစား ဆိုက်တွေမှာ ဝင်လောင်းလို့ ရနေပါပြီ။

သတို့သမီးက သတို့သားမင်းသား တအံ့တသြ ဖြစ်အောင်လုပ်ပြရတဲ့ ထုံးတမ်းစဉ်လာမျိုးကို ထိန်းတဲ့အနေနဲ့ ကိတ်ကတော့ တကမ္ဘာလုံး စိတ်ဝင်စားအောင် အထူးလျှို့ဝှက်နေပါတယ်။

နန်းတော်သတင်းရပ်ကွက် ကတော့ တဖြည်းဖြည်း ရက်နီးလာနေပြီ ဖြစ်လို့ သတို့သမီးဟာ ဘာဝတ်မယ်ဆိုတာ စိတ်တိုင်းကျ ရွေးပြီးပြီလို့ ဆိုနေပါတယ်။ အထူးသဖြင့် သူ့ရဲ့ကိုယ်တိုင်းနဲ့ ချုပ်ပြီး အစမ်းတောင် ဝတ်ကြည့်ပြီးပြီလို့ ဆိုပါတယ်။

Twitter တို့ Facebook တို့လို ဆိုရှယ်ဝက်ဆိုက်တွေမှာ အပြောများနေကြတာကတော့ ကိတ်ဟာ ဒိုင်ယာနာ မင်းသမီးလို ပုံစံမျိုး ဝတ်စုံနောက်မြီး အရှည်ကြီးနဲ့ လက်ထပ်ပွဲမှာ ကမ္ဘာ့ပရိသတ်ကြီးရှေ့ လမ်းလျှောက်ပြတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဘယ်သူ့လက်ရာ အရွေးခံရမယ်ဆိုတာ မသိပေမဲ့ အလောင်းအစားဆိုက်တွေ မှာတော့ သူနှစ်သက်တဲ့ ဒီဇိုင်နာ Sophie Cranston ရဲ့လက်ရာ ဖြစ်ဖို့ များတယ်လို့ တစ်ပေး နေကြပါတယ်။

တကယ်တော့ ရွှေနန်းသုံး ထုံးတမ်း အစဉ်အလာတွေကို ကြည့်ရင် အမျိုးသားရေး၊ မျိုးချစ်စိတ်ကို အသားပေးတဲ့အနေနဲ့ မင်္ဂလာ အသုံးအဆောင်တို့ ဝတ်စုံတို့ကို ပြည်တွင်းဖြစ် ပိုးချည်တို့ ဇာတို့အများဆုံး သုံးလေ့ရှိပါတယ်။

တကယ်လို့ တိုင်းပြည်ကထွက်တဲ့ ပိုးချည်နဲ့ မလုံလောက်လို့ ပြည်ပက မှာရရင်တောင် ပိုးရဲ့ မူလဇစ်မြစ် ဖြစ်တဲ့ တရုတ်ပိုး ချည်နဲ့ ယက်လေ့ ရှိပါတယ်။ မျက်မှောက်ခေတ် မှာတော့ ဒီဇိုင်နာတွေ အရောင်အသွေး တွေကလည်း တကမ္ဘာလုံး ရွေးမယ်ဆို ရွေးစရာတွေ ချည်းပါ။

နောက်ပြီး အရောင်အနေနဲ့ဆိုရင်လည်း ဖြူလွလွအရောင်လား၊ ရှမ်ပိန်အရက်လို ကြည်လဲ့လဲ့လား၊ ထုံးချောက်ရောင်လို ဝါကျင်ကျင်လား ဆိုတာကအစ နောက်ဆက်တွဲ ပဝါကြီးကလည်း ဘယ်လောက်အထိ ရှည်နိုင်မယ်ဆိုတာ ကိုယ်ကြိုက် သလို လောင်းကြေး ထပ်လို့ ရတဲ့အတွက် ပျော်စရာ ရယ်စရာ ခန့်မှန်းစရာ တွေနဲ့ ပြည့်နေတဲ့ တော်ဝင် လက်ထပ်မင်္ဂလာပွဲကြီးမှာ သတို့သမီးကိတ်ကတော့ ဝတ်စုံကို သူ့ ကိုယ်တိုင်းနဲ့ မတော်မှာစိုးလို့ ဒီရက်မြတ်အတွက် ကိုယ် အလေးချိန်ကိုလည်း ဂရုစိုက် ထိန်းနေရဦးမှာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။