တိဘက် နိုင်ငံရေး ခေါင်းဆောင်သစ် ရွေးချယ်

  • 27 ဧပြီ 2011
tibet new leader ဓာတ်ပုံ မူပိုင် AP
Image caption တိဘက် ခေါင်းဆောင်သစ် လော့ဘ်ဆန် ဆန်ဂေး

တိဘက် အရေး လှုပ်ရှားမှု ခေါင်းဆောင် ကမ္ဘာကျော် ဘုန်းတော်ကြီး ဒလိုင်လားမား နိုင်ငံရေးကနေ အနားယူပြီးနောက် အခုတော့ ဟားဗတ် တက္ကသိုလ် က ပါရဂူဘွဲ့ရ တိဘက် လူမျိုး တဦး က ခေါင်းဆောင် သစ် ဖြစ်လာ ပါပြီ။

လော့ဘ်ဆန် ဆန်ဂေး ဟာ အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး တိဘက်ကို တခေါက်မှ ပြန် မရောက်နိုင်သေးသူ ဖြစ်ပါတယ်၊ သူ ဟာ တိဘက် လူမျိုး တွေအထဲ အမေရိကန် ပြည်ထောင်စု ဟားဗတ်တက္ကသိုလ် ကနေ ပါရဂူဘွဲ့ ပထမဆုံး ရရှိ ခဲ့သူလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒါရမ်ဆာလာမြို့မှာ အခြေစိုက်ထားတဲ့ ပြည်ပရောက် တိဘက်အစိုးရ ရဲ့ ဝန်ကြီးချုပ် နဲ့ ဘုန်းတော်ကြီး ဒလိုင်လားမား ရဲ့ တာဝန်တွေကို ဆက်လက် ထမ်းရွက်မယ့်သူ အဖြစ် ပြည်ပ ရောက်နေတဲ့ တိဘက် လူမျိုး တွေ က သူ့ ကို ရွေးချယ် ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်တွေက တိဘက် ဒေသ ကို ထိန်းချုပ်ထားပေမယ့် တိဘက် လူမျိုးတွေ အများစု ထောက်ခံတဲ့ အစိုးရက ပြည်ပ ကို ရောက်နေပြီး၊ ဘုန်းတော်ကြီး ဒလိုင်လားမား က သူတို့ ကို ဦးဆောင် ထားခဲ့ ပါတယ်၊ အခုတော့ ဘုန်းတော်ကြီး က နိုင်ငံရေး က အနားယူမယ် ဆိုတော့ ပါရဂူဘွဲ့ရ လော့ဘ်ဆန် ဆန်ဂေးကို ခေါင်းဆောင် အဖြစ် တင်မြှောက် လိုက်ကြ တာပါ။

၁၉၅၀ ခုနှစ် တွေ အတွင်း တရုတ် စစ်တပ်ကြီးက တိဘက် ကို ဝင်သိမ်း ခဲ့လို့ ဘုန်းတော်ကြီး ဒလိုင်လားမား နဲ့ ထောင်သောင်း ချီတဲ့ သူ့ နောက်လိုက်တွေ အိန္ဒိယ နိုင်ငံ ထဲကို ထွက်ပြေး ခဲ့ရပြီး၊ ပြည်ပရောက် တိဘက်အစိုးရ တည်ထောင်လို့ တိဘက် အရေး လှုပ်ရှား ဆောင်ရွက်မှု တွေ လုပ်နေ ခဲ့တာ ပါ။

အခုတော့ ဘယ် နိုင်ငံကမှ အသိအမှတ်ပြုခြင်း မခံထားရတဲ့ ပြည်ပရောက် တိဘက် အစိုးရရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့ လော့ဘ်ဆန် ဆန်ဂေး ဟာ တိဘက် အရေး နဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ညှိနှိုင်းဆွေးနွေး ဖို့ကို လက်မခံ ခဲ့တဲ့ တရုတ် အစိုးရ ရဲ့ အတိုက်အခံ တဦး ဖြစ်လာ တော့မှာ ပါ။