တော်ဝင်မင်္ဂလာပွဲ နဲ့ မြန်မာတော်ဝင်များ

  • 28 ဧပြီ 2011
Royal Wedding ဓာတ်ပုံ မူပိုင် AFP
Image caption နန်းတော်ဆီ သွားတဲ့ လမ်းမ

ဧပြီလ ၂၉၊ သောကြာနေ့မှာ လန်ဒန်မြို့မှာ ကျင်းပမယ့် ဗြိတိသျှ ဒုတိယ နန်းလျာ ဝီလျံ မင်းသား နဲ့ သာမန် အရပ်သူ ကိတ် မစ်ဒယ်လ်တန် တို့ရဲ့ မင်္ဂလာပွဲ ဟာ ဗြိတိသျှ နန်းတွင်း အစဉ်အလာ အတိုင်း ကျင်းပ ကြတော့မှာ ဖြစ်ပါတယ်။

သီပေါမင်းရဲ့ မြေးတော် အခု ရန်ကုန်မြို့မှာ နေတဲ့ ထိပ်စုဘုရားကြီးကလည်း ဝီလျံတို့ရဲ့ မင်္ဂလာပွဲကို ကောင်းချီးမင်္ဂလာ ဆုတောင်းပေးခဲ့ပါတယ်။

ထိပ်စုဘုရားကြီးဟာ သီပေါမင်းရဲ့ စတုတ္ထ သမီးတော်ကနေ မွေးဖွားခဲ့ပြီး အခု အသက် ၈၈ နှစ် အရွယ် ရှိပါပြီ။

အခု ဝီလျံတို့ တော်ဝင် မင်္ဂလာပွဲလိုမျိုး မြန်မာနိုင်ငံ မှာလည်း ဟိုးအရင် ရှင်ဘုရင်တွေ လက်ထက် တုန်းကတော့ ထီးမူနန်းဟန်တွေ နဲ့ မင်္ဂလာအခမ်းအနားတွေ ကျင်းပ ခဲ့ကြ ပါတယ်။

အခုခေတ်မှာတောင် စုလျားရစ်ပတ်တယ်ဆိုတဲ့ ပုံစံမျိုနဲ့အတူ အရင် ရှေးခေတ် ယဉ်ကျေးမှုမျိုး နဲ့ မင်္ဂလာအခမ်းအနား တချို့ ပြန်တွေ့ နေရပါတယ်။

ဒီလို ယဉ်ကျေးမှုမျိုးတွေကို ပိုမို သဘောကျ နှစ်သက်ကြောင်းနဲ့ မြန်မာနိုင်ငံ မှာ ဆက်လက် ထိန်းသိမ်းသင့်ကြောင်း ထိပ်စုဘုရားကြီးက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ထိပ်စုဘုရားကြီးရဲ့ မောင်တော် တော်ဘုရားလေးရဲ့ ကျန်ရစ်သူ ဇနီး အသက် ၈၅ နှစ်အရွယ် ဒေါ်ခင်မေ ကလည်း မင်းသား ဝီလျံ တို့ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက် လို့ ကောင်းချီး မင်္ဂလာ ဆုတောင်း ပေးခဲ့တဲ့ အပြင် မြန်မာ့ ရှေးယဉ်ကျေးမှုတွေ ကို မြန်မာ တမျိုးသားလုံး ထိန်းသိမ်း သင့်ကြောင်း ပြောခဲ့ပါတယ်။

ဆီးရီးယားဖိတ်ကြားချက် ပြန်သိမ်း

တချိန်တည်းမှာပဲ တော်ဝင် မင်္ဂလာပွဲကိုတက်ဖို့ အတွက် ဆီးရီးယား သံအမတ်ကြီး ကို ဖိတ်ကြားထားချက်ကို ဗြိတိသျှအစိုးရ က ပြန်လည် ရုပ်သိမ်း လိုက်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ အစိုးရကဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်းမှုတွေ လုပ်နေတဲ့ အတွက် လို့ ဆိုပါတယ်။

အစတုန်းကတော့ ဗြိတိသျှ အစိုးရက သူတို့နဲ့ ပုံမှန် သံတမန် ဆက်ဆံမှုရှိတဲ့ နိုင်ငံတိုင်း ကို ဖိတ်ကြားတယ်လို့ ဆိုပြီး ဆီးရီးယားနိုင်ငံရဲ့ ကိုယ်စားလှယ် အတွက် ဖိတ်ကြားချက် ကိုလည်း မရုပ်သိမ်းဘဲ တင်းခံ နေတာပါ။

အခုတော့ မင်္ဂလာပွဲကို မတက်ရောက်နိုင်မယ့် ဇင်ဘာဘွေ၊ မြောက်ကိုရီးယား နဲ့ အီရန် နိုင်ငံ တွေက ကိုယ်စားလှယ်တွေ လိုပဲ ဆီးရီးယား သံအမတ် ဒေါက်တာဆာမိ ကို တက်ရောက်ခွင့် မပေးဖို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ဝင်တား ခဲ့တာပါ။

ဒီအပေါ် ဗြိတိန် တော်ဝင် အသိုင်းအဝိုင်း ကလည်း သဘောတူတယ်လို့ သိရပါတယ်။