နခွန်ဆဝမ် ၊ ဖိကျကွန်း မြို့က စက်ရုံမှာ မြန်မာ အလုပ်သမားတွေ ဆူပူမှု ဖြစ်ပွား

  • 29 ဧပြီ 2011
Image caption ထိုင်းက အလုပ်သမားတွေ

ထိုင်းနိုင်ငံ နခွန်ဆဝမ် ခရိုင်ထဲက ဖိကျကွန်း ဆိုတဲ့မြို့က စက်ရုံတခုမှာ ဗုဒ္ဓဟူးနေ့ ညတုန်းက စပြီး စက်ရုံ အစောင့်တွေနဲ့ မြန်မာ အလုပ်သမားတွေ ကြား ပြဿနာ ဖြစ်ရာကနေ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားတွေ က ကားလေး စင်းကို မီးရှို့ခဲ့ပြီး စက်ရုံ ရုံးခန်းကိုလည်း ဖျက်ဆီး လိုက်ကြပါတယ်။

အခင်း ဖြစ်ပွားခဲ့တာက Golden Light ဆိုတဲ့ ကြက်သားထွက် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ စက်ရုံမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အပြောအရ ကတော့ သူတို့ အလုပ်ချိန်ပြီးလို့ နေထိုင်တဲ့ အဆောင်နားမှာ အပန်းဖြေနေတုန်း ယန်းလို့ ထိုင်းလိုခေါ်တဲ့ စက်ရုံစောင့် သုံးဦးက လာပြီး အနိုင်ကျင့် ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို လုပ်တဲ့ အတွက် အလုပ်သမားတွေက အုပ်စုနဲ့ဝိုင်းပြီး စက်ရုံ စောင့်တဦးနဲ့ စက်ရုံပိုင်ရှင်ရဲ့ ဆွေမျိုးတဦးကို ဖမ်းဆီးခဲ့ပါတယ်။

နောက် ဒီပြဿနာကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေ စုရုံးပြီး စက်ရုံရုံးခန်းကို သွားတိုင်ခဲ့ ကြပါတယ်တဲ့။

စက်ရုံ ရုံးခန်းက မနက်မိုးလင်းလို့ စက်ရုံ မန်နေဂျာ ရောက်တဲ့အခါ ကျမှ ပြန်လာကြပါ ၊ ညတွင်းချင်းတော့ ဖြေရှင်း မပေးနိုင်ဘူးလို့ တုန့်ပြန်တဲ့ အတွက် ဒေါသ ထွက်နေတဲ့ လူအုပ်က ဆူပူ ဖျက်ဆီးမှုတွေ လုပ်ခဲ့တာကြောင့် ကားလေးစင်း မီးလောင်ပြီး စက်ရုံ ရုံးခန်းလည်း ပျက်စီး သွားတယ်လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

အဲဒီလို ဆူပူမှု ဖြစ်နေချိန်မှာ ဓါတ်ပုံရိုက်ဖို့ လာတဲ့ ရဲငါးဦးအနက် တဦးကို လက်နက်နဲ့ အတူ အလုပ်သမား တွေက ထပ်ဖမ်းခဲ့ပါတယ်။

ဒီလို အခင်းဖြစ်ပြီးတဲ့ နောက်တနေ့၊ ကြာသပတေး နေ့မှာတော့ စက်ရုံ ပိုင်ရှင် ရောက်လာပြီး နှစ်ဖက် ညှိနှိုင်းနိုင်တဲ့အတွက် အလုပ်သမားတွေ ဖက်က ဖမ်းထားသူ တွေကို ပြန်လွှတ် လိုက်ပြီး၊ စက်ရုံပိုင်ရှင် ဖက်ကလည်း အလုပ်သမားတွေရဲ့ တောင်းဆိုချက် တွေကို လိုက်လျောခဲ့ တယ်လို့ ပြဿနာ စဖြစ်ပုံကို အလုပ်သမားတဦးက ဆိုပါတယ်။

နောက်ပိုင်းမှာတော့ အလုပ်သမားတွေ ဖမ်းခဲ့တဲ့ ရဲဆီက ပစ္စတို သေနတ်တလက် ပျောက်ဆုံး နေတယ်ဆိုပြီး ရဲက ပြန်ပေးဖို့ တောင်းနေပါတယ်။

အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ခုချိန် အထိ ဖမ်းဆီးမှု တစုံတရာ မရှိသေးပေမယ့် နောက်ပိုင်း ဖမ်းဆီးမှုတွေ ရှိလာမှာကို အလုပ်သမား တွေက စိုးရိမ် နေပါတယ်။

ကြာသပတေးနေ့ မှာတော့ အလုပ် သမားတွေ အလုပ်မဆင်းကြဘဲ၊ မနက်ဖြန်မှာတော့ အလုပ်သမား ၅ဝဝဝ လောက်ရှိတဲ့ အဲဒီစက်ရုံက အလုပ်သမားတွေ အားလုံး အလုပ်ပြန် ဆင်းကြမယ်လို့ သူက ပြောပြခဲ့ပါတယ်။