နောက်ဆုံး ရေးသားချိန် 29 ဧပြီလ 2011 - 18:28 GMT

သတို့သမီး ရဲ့ဝတ်စုံ

kate william

လက်ထပ်ပြီး ရွှေလက်တွဲ လို့ ပျော်နေကြတဲ့ မောင်နှံ

သတို့သမီးရဲ့ ဝတ်စုံ က ဘယ်လို တွေ့ရ မလဲ၊ ဒါက မင်္ဂလာပွဲတွေ ဆို အထူးသဖြင့် အမျိုးသမီး ပရိဿတ် က စိတ်ဝင်တစား ဖြစ်ကြတဲ့ အရေး တခုပါ။

အခု မင်္ဂလာပွဲမှာ လည်း ကိတ် လို ချစ်စနိုး ခေါ်ကြတဲ့ ကက်သရင်း မစ်ဒယ်တန် ဘယ်လို ဝတ်စုံ ဝတ်လာမှာ လည်း ဆိုတာ ကို အများ က မျှော်ကြ၊ ကြည့်ကြ ပါတယ်။

ဝက်စ မန်စတာ ဘုရားရှိခိုးကျောင်း ကို ဝင်ဖို့ ကား ပေါ်ကနေ ကိတ် ဆင်းလိုက်တဲ့ အခါမှတော့ အားလုံးက လှပတဲ့ သူ နဲ့ အတူ ရိုးရိုးနဲ့ ခမ်းခမ်းနားနား ချုပ်လုပ်ထားတဲ့ သူရဲ့ နှစ်ခြိုက်စရာ ဝတ်စုံ ကို ကျောင်းတော် အနား က ပရိဿတ် သာ မက တိုက်ရိုက် ရုပ်မြင်သံကြား အစီအစဉ် တွေ ကြောင့် နိုင်ငံတကာ က ပရိဿတ် ကပါ မြင်တွေ့ နိုင်ကြ ပါ တော့ တယ်။

အနောက်ယဉ်ကျေးမှု အစဉ်အလာ အရ သတို့သား ကိုတောင် ကြိုတင် မြင်ခွင့် မပေးတဲ့ ကိတ်ရဲ့ ဝတ်စုံ ဟာ ဆင်စွယ်ရောင် ဖြစ်ပြီး ပိုးသား နဲ့ ချုပ်လုပ်ထားတဲ့ ဒီ ဝတ်စုံ ရဲ့ ဒီဇိုင်း ကိုတော့ ဆာရာ ဘာတန် က ဖန်တီးခဲ့တာပါ။

အင်္ကျီရဲ့ ဇာ အပိုင်းတွေမှာ လည်း ပန်းထိုး အရိပ်ပန်း တွေနဲ့ လှ နေသလို ဝတ်စုံ နောက် ပိုးသား အနားအရှည်ကြီး ပေါ်မှာလည်း အင်္ဂလန် နွေဦး ရာသီ မှာ ပွင့်တဲ့ ပန်းပွင့် လေးမျိုး ရဲ့ အသွင် နဲ့ ပုံဖော် ချုပ်ထားတာ ကြောင့် ပန်းခင်း တခု သူ့နောက်မှာ ဖြန့်ကြဲ ထား သလိုပါ။

ကိတ် ရဲ့ ဝတ်စုံ က အင်္ဂလိပ် လို ထရိန်း လို့ ခေါ်ကြတဲ့ ဝတ်စုံ နောက် အနားအရှည် က ၂ မီတာ ကျော် ပါတယ်။

ဒီလို ဝတ်စုံ အပြင် မျက်နှာ အပေါ် ဇာပါး ပုဝါအုပ် လို့၊ လက်မှာလည်း အဖြူရောင် ပန်းပွင့် အသေး လေးတွေနဲ့ စုစည်း ထားတဲ့ လက်ကိုင် ပန်း ကို ကိုင်ဆောင် လာတဲ့ သတို့သမီး ပုံရိပ်လွှာ ဟာ အများ ရဲ့ အမြင် အာရုံထဲ စွဲထင် လို့ ကျန်ရစ်မယ့် ပုံ ပါ။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။