တော်ဝင် စုံတွဲရဲ့ မင်္ဂလာ ညနေခင်း

  • 30 ဧပြီ 2011
Royal Wedding ဓာတ်ပုံ မူပိုင် Getty
Image caption အသစ်စက်စက် တော်ဝင် ဇနီးမောင်နှံ

အထူးဧည့်သည်တော်ပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့တဲ့ မင်္ဂလာ အခမ်းအနား အပြီးမှာ ဘုရင်မကြီးနဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ် တို့ဟာ ဝီလျံနဲ့ကိတ်တို့ကို သူတို့ မိတ်ဆွေတွေနဲ့ထားခဲ့ပြီး ထွက်ခွာသွားပါတယ်။

မင်းသား ဝီလျံဟာ အစဉ်အလာကိုချိုးဖောက်ပြီး နန်းတော်ထဲကနေ အမိုးဖွင့်ကားလှလှလေးနဲ့ ထွက်လာပါတယ်။

သူ့ဘေးမှာတော့ သတို့သမီးအသစ်စက်စက်ကိတ်မစ်ဒယ်လ်တန်ကလည်း အတူလိုက်ပါ လာပါတယ်။

လတ်လတ်ဆတ်ဆတ် မင်္ဂလာမောင်နှံ အမိုးဖွင့်ကားလေးနဲ့ ထွက်လာပြီး ကားလေးကို ဖြေးဖြေးမောင်းရင်း ပရိသတ်ကို နှုတ်ဆက်နေပုံဟာ ဂျိမ်းစဘွန်းဇာတ်ကားထဲကလိုပါပဲလို့ သတင်းထောက်တွေက ဆိုပါတယ်။

အဲဒီတုန်းမှာ သူတို့ အထက် မိုးကောင်းကင်မှာ တော်ဝင်လေတပ်မတော်ပိုင် ဟယ်လီကော့ပတာ တစီးပျံဝဲလာပါတယ်။ မင်းသား ဝီလျံမောင်းနေကျ ရဟတ်ယာဉ် အမျိုးအစား ဖြစ်ပါတယ်။ မင်းသား ဝီလျံဟာ မျှော်လင့်ထားပုံမရပါဘူး။ အပေါ်ကို မော့ကြည့်ပါတယ်။

မင်းသား စီးလာတဲ့ကားက သူ့အဖေရဲ့ အက်စတန် မာတင် ကား လို့ဆိုပါတယ်။ ကားလေးက ချစ်စရာကောင်းပါတယ်။ သိပ်လှပါတယ်။ ဘာကင်ဂ်ဟန် နန်းတော်ကို ဒီကားလေးနဲ့ ပြန်သွားတဲ့ မြင်ကွင်းဟာလည်း သိပ်ကြည့်လို့ကောင်းပါတယ်။ မင်းသားဝီလျံဟာ အပေါ်ကိုမော့ကြည့်ပြီး ရဟတ်ယာဉ်ပေါ်က သူ့ အပေါင်းအသင်းတွေကို လက်ပြနှုတ်ဆက်ပါတယ် လို့ ဘီဘီစီ သတင်းထာက် ဟရုဂ် အက်ဒ်ဝပ် က ဆိုပါတယ်။

ဒီညမှာ အထူးညစာ စားပွဲ ကျင်းပဦးမှာ ဖြစ်ပြီး အဲဒီနောက်မှာ အကပွဲဆင်နွဲကြဦးမှာ ဖြစ်ပါတယ်။

စနေမနက် သူတို့တတွေ ဟန်းနီးမွန်းထွက်ကြချိန်အထိ ဂီတသံတွေဟာ မစဲတန်းရှိနေပါလိမ့်မယ်။

သူတို့ ဟန်းနီးမွန်း ဘယ်ကို ထွက်ကြမှာပါလဲ။ ဒါကိုတော့ အခုထိ လျှို့ဝှက်ထားကြပါတယ်။ တော်ဝင်မိသားစုရဲ့ ပြောရေးဆိုခွင့် ရှိပုဂ္ဂိုလ် ပက်ဒီ ဟာ့ဗ်ဆန် က အရေးကြီးဆုံးက သူတို့ လွတ်လွတ်လပ်လပ် ပျော်ခွင့်ရကြဖို့ပါ။ လူတိုင်းလည်း ဒီအချိန်မျိုးမှာ လွတ်လပ်မှုကို လိုလားကြမှာပါ။ လို့ ဘီဘီစီကို ပြောပါတယ်။