ဂဒါဖီသား နေတိုး ဗုံးကြဲမှုမှာ သေဆုံး

  • 1 မေ 2011
Nato ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုး လေကြောင်း တိုက်ခိုက်မှု အတွင်း တွေ့ရတဲ့ အပျက်အစီးများ

နေတိုး အဖွဲ့ချုပ်ရဲ့ မနေ့ညက ပြုလုပ်တဲ့ ဗုံးကြဲ တိုက်ခိုက်မှုမှာ ဂဒါဖီရဲ့ အငယ်ဆုံး သား Saif al-Arab Gadhafi အပါအဝင် မြေးသုံးယောက် သေဆုံး ခဲ့ပါတယ်။

မနေ့ည ရှစ်နာရီ လောက်က ထရီပိုလီမြို့ အနောက်ဘက်မှာ ပေါက်ကွဲသံကြီး သုံးခါ ဆက်ကြားလိုက်ရတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

နှစ်နာရီလောက်ကြာတော့ သတင်းထောက် တွေကို အာဏာပိုင်တွေက အိမ်ဝင်းတခုထဲ ခေါ်သွားပါတယ်။

အဲဒိအိမ်က တခြား လူနေရပ်ကွက်တွေနဲ့ ဆက်မထားဘဲ သူ့ဟာသူ သီးသန့် နေရာတခုမှာ ဆောက်ထားတဲ့ အိမ်ဖြစ်ပြီး အိမ်ဝင်းထဲမှာ လုံခြုံရေး အစောင့် တွေလည်း ရှိပါတယ်။

အဆောက်အဦဝင်းကြီး တခုလုံး အကြီးအကျယ်ကို ပျက်စီးနေတာ သတင်းထောက်တွေ တွေ့ခဲ့ရပြီး အိမ်တလုံးဆို လုံး၀ အစအန မကျန်အောင် ပျက်စီးသွားပြီး ကြမ်းပြင်ပေါ်မှာ မပေါက်သေးတဲ့ ဒုံးကျည်တွေတောင် တွေ့ရတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေက သတင်းထောက်တွေကို အဲဒိ အပျက်အစီးတွေ ပြပြီး နောက်ပိုင်းမှာ ဟိုတယ်ကို ပြန်ခေါ်လာပါတယ်။

နောက်ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ခုမြင်ခဲ့ရတဲ့ နေတိုး လက်ချက်နဲ့ ဗုံးမှန် ပျက်စီးသွားတဲ့ အိမ်မှာ ဂဒါဖီရဲ့ အငယ်ဆုံးသား ဆာရိဖ ဂဒါဖီ သေဆုံးခဲ့ပြီး သူ့မြေး တယောက်လည်း သေတဲ့ထဲပါတယ်လို့ အသိပေးခဲ့ပါတယ်။

ခုဗုံးကြဲ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နေတိုးဆီကတော့ ဘာမှ ထုတ်ပြန်တာ မရှိသေးဘူး။

ဒါပေမယ့် အစိုးရ ပြောခွင့်ရ တာဝန်ခံ မူဆာ အီဘရာဟင်ဆီက မိန့်ခွန်းရှည်ကြီး ပေးပြီး ဒီဗုံးကြဲ တိုက်ခိုက်မှုကို ပြစ်တင် ရှုံချခဲ့ပါတယ်။

ကုလသမဂ္ဂ ပြဌာန်း ဆုံးဖြတ်ချက် ၁၉၇၃ အရ နိုင်ငံ ခေါင်းဆောင် တယောက်ကို လုပ်ကြံ သတ်ဖြတ်တာမျိုး မလုပ်ဖို့ တားမြစ်ထားပေမယ့် ခု နိုင်ငံခေါင်းဆောင် တယောက်ကို ပစ်မှတ်ထားတာကို ကြည့်ရင် နေတိုးနဲ့ အနောက်အုပ်စုရဲ့ အကြံအစည် ဘာဆိုတာကို မြင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

သူတို့ဘက်က နိုင်ငံရေး အရ ကမ်းလှမ်းချက်တွေ လုပ်နေပေမယ့် ဒါတွေအားလုံးကို မသိ ကျိုးကျွန် ပြုပြီး ဂဒါဖီနဲ့ သူ့မိသားစုကို ရွေးပြီး လုပ်ကြံ သတ်ဖြတ်ဖို့ လုပ်ဆောင် နေတယ် ဆိုပြီး ပြစ်တင် ရှုံချခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးက ပြီးခဲ့တဲ့ အပတ်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဂဒါဖီ မိသားစုကို ပစ်မှတ်အဖြစ် သဘောထားလားဆိုပြီး မေးတဲ့အခါမှာ လစ်ဗျားအစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖြိုဖျက်ပစ်ဖို့ သူတို့ လုပ်နေတယ်လို့ ပြန်ဖြေခဲ့ပြီး အဲဒီ အုပ်ချုပ်ရေး ယန္တယားနဲ့ ပတ်သက်သူ ဘယ်သူ့ကို မဆို ပစ်မှတ်ထား တိုက်ခိုက်မှာဘဲလို့ ပြန်ဖြေခဲ့ဖူးပါတယ်။