လစ်ဗျားက တိုက်ခိုက်မှုတွေ အပေါ် နေတိုးငြင်းဆို

Image caption လစ်ဗျားအရပ်သားတွေကို ကာကွယ်ဖို့ စစ်ဖက် ဆိုင်ရာ ပစ်မှတ်တွေကိုသာ တိုက်ခိုက်တာပါ

လစ်ဗျားနိုင်ငံမှာ ဗုံးကြဲ တိုက်ခိုက်နေတဲ့ နေတိုးဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့တွေက သူတို့အနေနဲ့ လူတဦးတယောက်ကို ရည်ရွယ်ပြီး တိုက်ခိုက်နေတာ မဟုတ် ကြောင်း ငြင်းဆိုလိုက်ပါတယ်။

ကဒါဖီရဲ့ စစ်လက်နက်ပစ္စည်းတွေ၊ ထိန်းချုပ် ကွပ်ကဲရေးစခန်းတွေ တွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။

မစ္စတာကင်မရွန်းက အတည်မပြုနိုင်တဲ့ သတင်းတွေအပေါ်တော့ မှတ်ချက်ပေးမှာ မဟုတ် ကြောင်းနဲ့၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အတိုင်း လစ်ဗျား အရပ်သားတွေရဲ့ အသက်ကို ကာကွယ်ဖို့ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ တိုက်ခိုက်တာ ရှင်းပါတယ်လို့ ဘီဘီစီမှာ ပြောကြားသွားပါတယ်။

မဟာမိတ်တို့ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွင်း ဗိုလ်မှူးကြီးကဒါဖီရဲ့ အငယ်ဆုံးသားနဲ့ မြေး ၃ ဦး မြို့တော် ထရီပိုလီမှာ သေဆုံး သွားခဲ့ရပြီးနောက်၊ မစ္စတာ ကင်မရွန်းက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက သေဆုံးသွားတဲ့ သူ့သားအိမ်မှာ ဗိုလ်မှူးကြီးကဒါဖီကိုယ်တိုင် ရှိနေခဲ့ ပေမယ့် သူကတော့ ထိခိုက်ခြင်းမရှိခဲ့ကြောင်း ကဒါဖီရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

နေတိုးအဖွဲ့ကတော့ ကွပ်ကပ် ထိန်းချုပ်ရေး ဌာနတွေ အပါအဝင် စစ်ဖက် အခြေစိုက်စခန်း တွေ ကိုသာ အတိအကျ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။