ဘင်လာဒင် ဘယ်လိုလူမျိုးလဲ

Bin Laden ဓာတ်ပုံ မူပိုင် Reuters
Image caption အိုစမာ ဘင်လာဒင်

ကမ္ဘာတဝန်းမှာ လူအများအပြားသိကြတဲ့ အိုစမာ ဘင်လာဒင်ကို အနောက်နိုင်ငံ တွေကတော့ အမေရိကန်နိုင်ငံက စက်တင်ဘာ အကြမ်းဖက်တိုက်ခိုက်မှုကြီး 9/11 ဖြစ်ရပ် ကို ကြိုးကိုင်ခဲ့သူလို သိထားကြပါတယ်။

တချို့က သူရဲကောင်းလို့ မြင်ကြတဲ့ ဘင်လာဒင်ဟာ အစ္စလာမ် ဘာသာကို ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်သူတဦးဖြစ်ခဲ့ပြီး ဘာသာရေးစစ်ပွဲ အမည်တပ်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံ နှစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံက ကြွယ်ဝချမ်းသာတဲ့ မိသားစုက မွေးဖွားလာတဲ့ ဘင်လာဒင်ဟာ ပြည့်ပြည့်စုံစုံ ကြီးပြင်းလာခဲ့ပေမယ့် ဆိုဗီယက်တပ်တွေ အာဖဂန်နစ္စတန်ကို ဝင်ရောက် သိမ်းပိုက်ပြီးနောက်မှာ မူဂျာဟစ်ဒင်အဖွဲ့ထဲ ဝင်ရောက်ပြီး တခြားအာရပ် တွေနဲ့အတူ ဆိုဗီယက်တွေကို ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီတုန်းက လက်တွဲခဲ့သူတွေဟာ အခု အယ်လ်ခိုင်းဒါးရဲ့ အတွင်းစည်း အမာခံတွေ ဖြစ်လာခဲ့ပါတယ်။ နောက်တော့ ဘင်လာ ဒင်ဟာ ဆော်ဒီအာရေဗျနိုင်ငံကို ပြန်ရောက်လာပြီး အဲဒီတုန်းက ကူဝိတ်ကို ကျူးကျော်တဲ့ အီရတ်တပ်တွေကို တိုက်လို့ရ အောင် အမေရိကန်တပ်တွေကို ဆော်ဒီထဲ ဝင်ရောက်ခွင့်ပေးတဲ့ ဆော်ဒီအစိုးရကို ဒေါသထွက်ပြီး ဆန့်ကျင်ခဲ့ပါ တယ်။

၁၉၉၈ ခုနှစ်မှာတော့ ဘင်လာဒင်ဟာ အမေရိကန်တွေအားလုံးကို စစ်ကြေ ညာ ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာပဲ အရှေ့အာဖရိက က အမေရိကန်သံရုံးတွေ ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ ဘင်လာဒင် လုပ်တာပဲလို့ ယုံကြည်ခဲ့လို့ သမ္မတ ကလင်တန်လက်ထက် သူတို့အခြေစိုက် စခန်း အာဖဂန်ကို ဗုံးကျဲခဲ့ပေမယ့် ဘင်လာဒင် လွတ်မြောက်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာတော့ အေဒင် ပင်လယ်ကွေ့မှာ ဆိုက်ကပ်ထားတဲ့ အမေရိကန် စစ်သင်္ဘော USS Cole ကို အယ်လ်ခိုင်းဒါးအဖွဲ့တွေက ဖောက်ခွဲပစ်ခဲ့ကြပါသေးတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့ နယူးယော့ခ်နဲ့ ဝါရှင်တန်မြို့တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။

သူ့ကိုမိရင် အမေရိကန်ဒေါ်လာ ၂၇ သန်း ပေးမယ်လို့ ကြေငြာခဲ့ပေမယ့် အခုတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေက တနင်္ဂနွေနေ့ညကပဲ ဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲမှာ အသေ ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။