လစ်ဗျား သံအမတ် ဗြိတိန်က နှင်ထုတ်

ထရစ်ပိုလီက ဗြိတိန် သံရုံး မီးရှို့ ဖျက်ဆီး ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ထရစ်ပိုလီ မြို့တော်မှာ သံရုံးတွေ တိုက်ခိုက်ခံရ

လစ်ဗျား နိုင်ငံမှာ နေတိုး အဖွဲ့ရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားတယောက် သေဆုံးခဲ့ရတာကို လက်တုန့်ပြန်တဲ့ အနေနဲ့ Tripoli မြို့တော်မှာ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးက သံရုံး အဆောက်အဦတွေ ကို တိုက်ခိုက် ဖျက်ဆီး ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ အထဲမှာ အီတလီနဲ့ အမေရိကန် သံရုံးတွေက အဓိက ပစ်မှတ်ထားတိုက်ခိုက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဗြိတိသျှ သံရုံးကတော့ လုံးဝ မီးရှို့ ဖျက်ဆီး ခံခဲ့ရပြီး ဒါကို တုန့်ပြန်တဲ့ အနေနဲ့ ဗြိတိန် အစိုးရက လန်ဒန်မှာရှိတဲ့ လစ်ဗျား သံအမတ်ကြီး ကို နိုင်ငံထဲက နှင်ထုတ် လိုက်ပါတယ်။

လစ်ဗျားက ကုလသမဂ္ဂ ရုံးကိုလည်း ဝင်ရောက် မွှေနှောက် ဖျက်ဆီးခံ ခဲ့ရပြီး တဲ့နောက် သူတို့ရဲ့ နိုင်ငံတကာ ဝန်ထမ်းတွေဟာ ထရစ်ပိုလီမြို့ ကနေ ထွက်ခွာသွားတော့မယ် လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အခုလို ရမ်းကား ဖျက်ဆီးမှုတွေဟာ ထိန်းချုပ်လို့မရတဲ့ လူဆိုး အုပ်စုတွေကြောင့် ဖြစ်ရတာပါ ဒီအတွက် လစ်ဗျားအစိုးရ အနေနဲ့ ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

နေတိုး မဟာမိတ်တပ်တွေ ကတော့ လစ်ဗျားက စစ်ဖက်ဆိုင်ရာ အဆောက်အဦ တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါလို့ ဆိုပြီး လူပုဂ္ဂိုလ် တဦးတယောက်ကို ရည်ရွယ်ပြီး တိုက်ခိုက်တာ မဟုတ်ကြောင်း ငြင်းဆို ပြောကြား သွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လစ်ဗျား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် မူဆာ အီဘရာဟင် ကတော့ ဒါဟာ ကျွန်တော်တို့ ခေါင်းဆောင်ကို လုပ်ကြံမှု သတ်သတ် ဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွေကို ဆန့်ကျင်တဲ့ လုပ်ရပ် ၊ သိက္ခာ မရှိသလို ကျင့်ဝတ် မရှိတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။