၃ နှစ်ကြာခဲ့ပေမဲ့ နာဂစ်ဒဏ်ခံလူထု ပြန်မထူထောင်နိုင်သေး

Image caption ၃နှစ်ကြာခဲ့ပေမဲ့ နာဂစ်ဒဏ်ခံပြည်သူတွေ ရုန်းကန်နေရဆဲ

မြန်မာနိုင်ငံမှာ နာဂစ်လေမုန်တိုင်း တိုက်ခတ်ခဲ့တာ မေလ ၂ ရက်နေ့ မှာ (၃)နှစ်ပြည့်ခဲ့ပါပြီ။

၃ နှစ်ကြာခဲ့ပေမဲ့ အထူးသဖြင့် နာဂစ်ဒဏ် အဆိုးဆုံးခဲ့ခဲ့ရတဲ့ ဧရာဝတီတိုင်းက ဘိုကလေး မြို့နယ်ဖက်မှာ ဆိုရင် အစိုးရ မဟုတ်တဲ့ အကူအညီပေး အန်ဂျီအို အဖွဲ့ (၄)ခုလောက်သာ ရှိပြီးတော့ လူမှုရေးအထောက်အပံ့ အနည်းငယ်သာ ပေးနိုင်တော့တယ်လို့ မြို့ခံတွေကဆိုပါတယ်၊၊

စာသင်ကျောင်း အဆောက်အဦး တချို့ ဆောက်လုပ်တာကလည်း အခုထိ မပြီးပြတ်နိုင်သေးဘူးလို့ ပြောပါတယ်။

လယ်သမားတွေကတော့ အခုချိန်အထိ နလံမထူနိုင်သေးတဲ့ အပြင် အိုးအိမ်မဲ့ တွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်၊၊

ဒါပေမဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကတော့ အရင်ထက် ကောင်းမွန်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်၊၊-

အလားတူ ဖျာပုံ မြို့နယ်ဖက်မှာလည်း ရေလုပ်သားတွေ အပါအဝင် လယ်သမားတွေဟာ သူတို့ လယ်ယာလုပ်ငန်းကို ပြန်စနိုင်ဖို့ ငွေချေးပေးမဲ့သူ ရှားနေလို့ လယ်ပြန်မစိုက်နိုင်တဲ့ လယ် သမားတွေက များတယ်လို့ ဖျာပုံလယ်သမားတဦး ကပြောပါတယ်။

လေမုန်တိုင်းဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ မြို့နယ်တခုဖြစ်တဲ့ လပွတ္တာမြို့နယ်မှာတော့ စားဝတ်နေရေး၊ စီးပွားရေးတွေ မပြေလည်တဲ့အပြင် အထောက် အပံ့လည်း မရကြတော့တဲ့ အပြင် အဆိုးဆုံးကတော့ ကနေ့အထိ အိုးအိမ်မဲ့တွေရှိနေဆဲလို့ လပွတ္တာမြို့ခံက ဆိုပါ တယ်၊၊

နာဂစ်ကြောင့် လူတွေဟာ မိမိတို့ဘဝပြန်လည် တည်ဆောက်နိုင်ဖို့ ကြိုးစားရုန်းကန်သော်လည်း တနှစ် ထက်တနှစ် ပိုပိုပြီးကြပ်တည်း လာတဲ့အတွက် နာဂစ်ကြောင့် သေဆုံးသွားတဲ့ သူတို့မိသားစုတွေရဲ့ ကောင်းမှု ကုသိုလ်အတွက်ကိုတောင် မဆောင်ရွက်နိုင်ကြတော့ဘူးလို့ ပြောကြပါတယ်။

နာဂစ်ဒဏ်ခံခဲ့ရတာ (၃)နှစ်ကျော် လာခဲ့ပေမဲ့ နာဂစ်ဒဏ်ခံခဲ့ရသူတွေဟာ ကနေ့ အထိပြန်လည်တည်ဆောက်ရေး ကာလကို ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။