ဘင်လာဒင်ကို ဝင်တိုက်တာ ပါကစ္စတန်ကို အသိမပေးခဲ့

Bin Laden's compound ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်တပ်တွေ ဝင်စီးခဲ့တဲ့ ဘင်လာဒင်ရဲ့ နေအိမ်

အယ်လခိုင်းဒါး အဖွဲ့ကို ထူထောင်ခဲ့သူ အမေရိကန်တွေက အလိုအရှိဆုံး နံပတ်တစ်ရန်သူ ဖြစ်ခဲ့တဲ့ ဘင်လာဒင်ကို ပါကစ္စတန် နိုင်ငံထဲက အာဘာတာဘတ် မြို့မှာ သူပုန်းခိုနေတဲ့ အိမ်ကို အမေရိကန် အထူးတပ်တွေက ဒေသစံတော်ချိန် တနင်္လာနေ့ မနက်အစောကြီး တစ်နာရီလောက်မှာ ဝင်တိုက်ပြီး ဘင်လာဒင်ကို သတ်ဖြတ် လိုက်ကြပါတယ်။

ဒီစစ်ဆင်ရေးကို အာဖဂန်နစ္စတန်မှာ အခြေစိုက်တဲ့ အမေရိကန် တပ်တွေထဲက နေဗီဆီးလ်လို့ခေါ်တဲ့ ကွန်မန်ဒို တပ်ဖွဲ့ဝင် ၃၀ လောက်က ဘလက်ဟော့ခ် ရဟတ်ယာဉ် ၂ စီးနဲ့ သွားပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအိမ်မှာ အိုဆာမာဘင်လာဒင်ရဲ့ လူရင်းလူယုံတယောက် အဝင်အထွက် ရှိနေတာကို ပြီးခဲ့တဲ့ နှစ် သြဂုတ်လလောက်ကတဲ က ခြေရာခံမိပြီး နောက်ဆုံး ဘင်လာဒင်လဲ အတူရှိနေနိုင်တယ်လို့ ထောက်လှမ်းရေး အချက်အလက်တွေ က ဆုံးဖြတ်ပြီး ဝင်တိုက်ဖို့ ကို သောကြာနေ့က သမ္မတ အိုဘားမားက အမိန့်ပေးခဲ့တာပါ။

ဒီလို ဝင်တိုက်မဲ့ ကိစ္စကို အမေရိကန်တွေက ပါကစ္စတန်ကို အသိမပေးခဲ့ဘူးလို့ အစိုးရရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြံပေးပုဂ္ဂိုလ် John Brennen က တနင်္လာနေ့ ညနေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အားလုံး ပါကစ္စတန်လေပိုင်နက် အပြင်ရောက်မှ လှမ်းပြီး အသိပေးခဲ့တယ်၊ ဒါကြောင့် စစ်ဆင်ရေးလုပ်နေတုန်း ပါကစ္စတန်ဖက်က မသိပဲနဲ့ ဝင်တိုက်မှာကို စိုးရိမ်နေခဲ့ရတယ်လို့လဲ သူကဆိုပါတယ်။

အမျိုးသမီးတယောက်ကို လူသားဒိုင်းလိုသုံး

အမေရိကန် တပ်တွေဟာ အဆောက်အဦခေါင်မိုးပေါ်ကို ကြိုးနဲ့ဆင်းပြီးမှ အိမ်ထဲဝင်ပြီး ဘင်လာဒင်ကို ရှာဖွေခဲ့ပါတယ်။ အထဲက ပြန်ပစ်ခတ်မှုတွေရှိခဲ့လို့ အပြန်အလှန် တိုက်ပွဲဖြစ်ပြီး ဘင်လာဒင်က သူ့နဲ့ အတူရှိနေတဲ့ သူ့ရဲ့ ဇနီးတယောက်လို့ ယူဆရသူကို လူသားဒိုင်းအဖြစ်လဲ သုံးခဲ့သေးတယ်လို့ မစ္စတာ ဘရင်နန်ကပြောပါတယ်။

အဲဒီအမျိုးသမီးဟာ ဘင်လာဒင်ရဲ့ ရှေ့ကကာနေလို့ ပစ်ရတော့ သူလဲ သေခဲ့တယ်လို့ ဆိုပါတယ်၊ ဘင်လာဒင်ကတော့ ခေါင်းမှာ ၂ ချက်ပစ်ခံရပြီး သေခဲ့တယ်လို့ သိရပါတယ်။

အိမ်ထဲမှာ ရှိနေတဲ့ ဘင်လာဒင်ရဲ့ သားတယောက်၊ ဇနီးနဲ့ သူ့ရဲ့ လူယုံ တယောက်လဲ သေဆုံးခဲ့ပါတယ်။ အမေရိကန်အရာရှိ ဂျွန်ဘရင်နန်ကတော့ ဘင်လာဒင်ကို အရှင်ရရင် အရှင်ဖမ်းခဲ့ဖို့ အစီအစဉ်ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Other
Image caption အိပ်ယာဘေးမှာ သွေးကွက်တွေနဲ့ တွေ့ရတဲ့ အခန်း

နောက်ပိုင်းထွက်လာတဲ့ ဘင်လာဒင်နေသွားတယ်ဆိုတဲ့ အိမ်ခန်းကို ပြတဲ့ ပုံတွေထဲမှာတော့ ပြန့်ကျဲနေတဲ့ အိပ်ယာဘေးမှာ သွေးကွက်တွေကို တွေ့ရပါတယ်။ နံရံတခုမှာ လဲ အပေါက်ကြီးတွေ့ရလို့ အမေရိကန်တပ်တွေက လက်နက်ကြီးနဲ့ ပစ်ခွင်းခဲ့ပုံရပါတယ်။

စစ်ဆင်ရေးဟာ စုစုပေါင်း မိနစ်လေးဆယ်ပဲ ကြာတယ်လို့ဆိုပါတယ်။ အမေရိကန် ရဟတ်ယာဉ်တစင်းက ပျက်သွားလို့ ဖျက်ဆီးပြီး ထားခဲ့တယ်လို့လဲ သိရပါတယ်။ ဘင်လာဒင်ရဲ့ အလောင်းကို သယ်လာတဲ့ ရဟတ်ယာဉ်ဟာ အာဖဂန်နစ္စတန်ကို ပြန်လာပြီး ဘင်လာဒင် ဟုတ်ကြောင်း DNA နဲ့ စစ်ဆေးခဲ့ပါတယ်။

အလောင်းကို ပြန်ယူမလားလို့ ဘင်လာဒင်ရဲ့ မိခင်နိုင်ငံ ဖြစ်တဲ့ ဆော်ဒီအာရေဗျ ကို မေးခဲ့ပေမဲ့ ဆော်ဒီဖက်က ငြင်းခဲ့တယ်လို့ တချို့သတင်းတွေကပြောပါတယ်။

ရေချသဂြိုဟ်

ဒါကြောင့် အလောင်းကို အာရေဗျပင်လယ်ထဲက အမေရိကန် စစ်သင်္ဘောကြီး USS Carl Vincent ဆီကို သယ်လာပြီး အဲဒီမှာ အစ္စလာမ်ထုံးစံနဲ့ အညီ ၂၄ နာရီအတွင်း သဂြိုဟ်ရမယ်ဆိုတဲ့ အတိုင်း နောက်ဆုံး လုပ်စရာရှိတာတွေ လုပ်ပြီးမှ ရေထဲချလိုက်တယ်လို့ ဂျွန်ဘရန်နင်က ပြောပါတယ်။

ရေထဲချလိုက်တဲ့ အကြောင်းတကြောင်းကလဲ မြေပေါ်မှာ မြုပ်ခဲ့ရင် အဲဒီနေရာကို အယ်လခိုင်းဒါးအဖွဲ့တွေက စုဝေးရာနေရာတခုအဖြစ် အသုံးချလာမှာကို စိုးရိမ်ကြလို့ ဖြစ်ပါတယ်။

အခုအထိ ဘင်လာဒင်ရဲ့ အလောင်းကို ဘယ်သူမှာ မတွေ့ရသေးလို့ သူသေတာတကယ်မှ ဟုတ်ရဲ့လားလို့ သံသယရှိသူတွေလဲ အများပါ၊ အမေရိကန် လုံခြုံရေး အကြံပေး ဂျွန်ဘရန်နင်ကတော့ သူတို့ ဓာတ်ပုံတွေကိုလဲ ထုတ်ပြန်ပေးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။