ဘင်လာဒင်ရှိနေတာ ပါကစ္စတန်မသိဘူးလား

Pakistani troops leave Bin Laden's compound ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘင်လာဒင်ရဲ့ အိမ်ဝင်းထဲက ထွက်လာတဲ့ ပါကစ္စတန် တပ်ဖွဲ့တွေ

ဘင်လာဒင်ကို အမေရိကန်တပ်တွေက ရှာနေတာ ဆယ်နှစ်ရှိခဲ့ပါပြီ။ တွေ့မဲ့ တွေ့တော့လဲ နယ်စပ်က တောင်တန်းတွေမှာ မဟုတ်ပဲ ပါကစ္စတန်က မြို့ကြီးတမြို့ထဲမှာ ဖြစ်နေပါတယ်။ မြို့တောင်မှ စစ်တပ်မြို့တမြို့ထဲမှာ အိမ်အကြီးကြီးနဲ့ နေနေတာပါ။

ပါကစ္စတန်ဖက်ကတော့ အမေရိကန်တွေက သူတို့ကို မပြောပဲ ဝင်တိုက်တာ ကြေနပ်မှာ မဟုတ်ပေမဲ့ အမေရိကန်တွေက ဒီစစ်ဆင်ရေးကို ပါကစ္စတန်ဖက်ကို ကြိုတင် အသိမပေးခဲ့ဘူးဆိုတဲ့ အချက်ကပဲ ပါကစ္စတန်ကို အပြည့်အဝ ယုံကြည်မှု မရှိဘူးဆိုတာ ပြနေတာပဲလို့လဲ သုံးသပ်ကြပါတယ်။

ဒါကြောင့်ပဲ အမေရိကန်တွေက ဘင်လာဒင်ရဲ့ အိမ်ကို ဝင်တိုက်ပြီး သူ့အလောင်းကို သယ်ပြီး ဟယ်လီကော့ပတာနဲ့ ပြန်ထွက်လာတော့ ပါကစ္စတန် တပ်တွေနဲ့ လမ်းမှာ တိုးပြီး တိုက်ပွဲ ဖြစ်မှာ စိုးရိမ်နေခဲ့တယ်၊ ပါကစ္စတန် လေကြောင်းပိုင်နက် အပြင်ကို အမြန်ဆုံးရောက်အောင် ပျံသန်းခဲ့တယ်လို့ အစိုးရရဲ့ လုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ပြောခဲ့တာပါ။

ပါကစ္စတန် အစိုးရဖက်ကတော့ ဘင်လာဒင် သေသွားတဲ့ သတင်းကို အကြမ်းဖက်မှုမှာ အားလျော့သွားမဲ့ အလားအလာ ဖြစ်တဲ့ အကြောင်း သတိနဲ့ ကြိုဆိုတဲ့ ကြောငြာချက် ထုတ်ခဲ့ပါတယ်။

ဘင်လာဒင် သူတို့နိုင်ငံထဲမှာ ရှိမနေတော့လောက်ပါဘူး၊ ရှိရင် သိရမှာပေါ့လို့ ပါကစ္စတန် အစိုးရက ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ အိုင်အက်စ်အိုင်ထဲမှာလဲ ဘင်လာဒင်နဲ့ တခြား အယ်လ်ခိုင်းဒါး အဖွဲ့ဝင်တွေ၊ တာလီဘန်တွေကို အကူအညီပေးနေသူတွေ ရှိတယ်ဆိုတာ အများက သံသယ ရှိကြပါတယ်။

အခုပဲကြည့်ပါ၊ ဘင်လာဒင် အိမ်ဆောက်နေတဲ့ နေရာက ပါကစ္စတန်ရဲ့ အကြီးဆုံး စစ်တက္ကသိုလ်ကြီးတခုရှိတဲ့ နေရာနဲ့ နီးနီးလေးပါ၊ နောက်ပြီး ဘင်လာဒင်ရဲ့ အိမ်ကြီးက သုံးထပ်ရှိတယ်၊ ၁၈ ပေလောက်မြင့်တဲ့ အုတ်တံတိုင်းကြီး ကာထားတယ်၊ နံရံပတ်လည်ကိုလဲ သံဆူးကြိုးနဲ့ ကာထားတယ်၊ လုံခြုံရေး ကင်မရာတွေလဲ တပ်ထားတယ်ဆိုတော့၊ အနားက အဆောက်အဦတွေနဲ့ ယှဉ်ရင် ဒီလောက် ထူးထူးခြားခြား ထင်ရှားနေတဲ့ ခေတ်မီ အဆောက်အဦကို ဘယ်သူ ဆောက်ပေးခဲ့သလဲ၊ မြို့ခံ အာဏာပိုင်တွေက ဒီမှာ ဘယ်သူနေနေတယ်ဆိုတာ မသိခဲ့ဘူးလား၊ မေးစရာတွေ အများကြီးပါ၊

လန်ဒန်က ပါကစ္စတန် ကော်မရှင်နာမင်းကြီး ဝါဂျစ် ဟမ်ဆူလ် ဟာဆန်ကတော့ ဘင်လာဒင်ဟာ တနေရာထဲမှာ မနေပဲ လျှောက်သွားနေလို့ ခြေရာခံလို့ မလွယ်ခဲ့တာပါလို့ ပြောပါတယ်။

"ဒီအချိန်မှာ သူက လူလဲ သိတ်မရှုတ်တဲ့ အကြမ်းဖက်သမားတွေ ရှိတဲ့နေရာလို့ သံသယမရှိနိုင်တဲ့ နေရာတခုကို ရွေးရင်း ဒီ အဘာတာဘတ်မြို့ကို ရောက်လာတာ ထင်ပါတယ်။ ဒီမြို့မှာက သူနဲ့ အလုံးအရပ်တူသူ၊ မုတ်ဆိတ်ရှည်ရှိသူတွေ များတော့ လူချင်းရောသွားနိုင်ပါတယ်၊ နောက်ပြီး ဒီကနေစောင့်ပြီး သူ့ကို ကူညီပေးတဲ့ သူလဲ ရှိနိုင်တာပေါ့လေ" လို့ ဆိုပါတယ်။

အဲဒီမြို့မှာ နေကြသူတွေကလဲ သူတို့ဆီမှာ ဘင်လာဒင်ရောက်နေတာကို မသိကြဘူးလို့ ပြောကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်လာဒင်ဟာ အာဖဂန်နစ္စတန်ဖက်က ပါကစ္စတန်ထဲ ဝင်လာခဲ့

ဘင်လာဒင် ဒီ လောက်ကြာအောင် လွတ်နေတာ၊ ပုန်းနေနိုင်အောင် ပါကစ္စတန် အစိုးရနဲ့ ထောက်လှမ်းရေးထဲက လူတွေ ကူညီပေးနေခဲ့သလားဆိုတာကို အမေရိကန်အစိုးရကလဲ သိချင်နေပါတယ်။ အခုနောက်ဆုံး အခြေအနေမှာလဲ ပါကစ္စတန်ဖက်က ဘယ်လောက် သိထားသလဲ ဆိုတာကို အမေရိကန် အရာရှိတွေက စုံစမ်းနေပါတယ်။

ဘင်လာဒင်ဟာ သူတို့ မျက်စေ့အောက်နားလေးမှာ ရှိနေတာကို မသိဘူးဆိုရင် ပါကစ္စတန် အစိုးရအတွက် အကြီးအကျယ် အရှက်ကွဲစရာ ဖြစ်ပါလိမ့်မယ်၊ တကယ်လို့ သိရက်နဲ့ ဒီသတင်းကို ထိန်ချန်ထားတယ် ဆိုရင်တော့ အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးမှာ အကြီးအကျယ် အဖုအထစ်ကြီး ဖြစ်သွားတော့မှာ သေချာတယ်လို့ ဘီဘီစီရဲ့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။