နောက်ဆုံး ရေးသားချိန် 3 မေလ 2011 - 15:18 GMT

ဘင်လာဒင်နေရာ မသိခဲ့တာ ပါကစ္စတန်အစိုးရ အရှက်ရ

Bin Laden

ပါကစ္စတန်က အကြီးဆုံးစစ်သင်တန်း ကျောင်းရဲ့ အနီးက ခြံဝင်းကြီးထဲမှာ အိုစမာ ဘင်လာဒင် နေထိုင်နေခဲ့တယ် ဆိုတာ မသိခဲ့တာဟာ အလွန်အမင်း အရှက်ရစရာ ဖြစ်တယ်လို့ ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီ ISI က ပြောပါတယ်။

၂၀၀၃ ခုနှစ်တုန်းကလည်း ဒီခြံဝင်းကို အယ်လ်ခိုင်းဒါးတွေရဲ့ လျို့ဝှက်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ပါကစ္စတန်တပ်တွေက ဝင်စီးခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဒီခြံဝင်းကြီးဟာ အာဏာပိုင်တွေရဲ့ ရေဒါအောက်ကနေ လွတ်ကင်းနေခဲ့တယ်လို့ ISI အရာရှိတစ်ဦးက ပြောပါတယ်။

တစ်ဘက်မှာလည်း ဘင်လာဒင်ပုန်းအောင်းနေတယ်ဆိုတာကို မသိရှိခဲ့တာဟာ ဘာကြောင့်လဲဆိုတာ ရှင်းပြဖို့ ပါကစ္စတန်အစိုးရဟာ ဖိအားတွေ ပေးခံနေရပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဘီဘီစီကို ပြောရာမှာ ပါကစ္စတန်ဘက်က အဖြေပေးရမယ့် မေးခွန်းတွေ အများအပြားရှိနေပြီလို့ ပြောပါတယ်။

အမေရိကန်က အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအကြံပေး ဂျွန် ဘရက်နန်က ပြောရာမှာလည်း ဘင်လာဒင်ဟာ အဲဒီဒေသက အထောက်အပံ့ ကွန်ယက်တစ်ခုမရှိပဲ အချိန်အတော်ကြာ ပုန်းခိုနေဖို့ဆိုတာ စဉ်းစားလို့ မရနိုင်အောင်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

အာရပ်တွေဘက်က တုံ့ပြန်မှုများ

Taliban

ပါကစ္စတန်မှာ တာလီဘန်ကို ထောက်ခံသူတွေက အမေရိကန်ကို ဆန့်ကျင်ကြွေးကြော်

အိုစမာ ဘင်လာဒင်သေဆုံးမှုနဲ့ပတ်သက်ပြီး အာရပ်ခေါင်းဆောင်တချို့က ကြိုဆိုခဲ့ကြပေမယ့် တချို့ကလည်း စိတ်ပျက်ဒေါသထွက်နေ ကြတာတွေ ရှိနေပါတယ်။ ဂျီဟတ်အကြောင်း အထူးပြုရေးသားတဲ့ ဝက်ဘ်ဆိုက်တွေမှာ လက်တုံ့ပြန်ဖို့ ဆော်သြထားကြပါတယ်။

အာဖကန်နစ္စတန်မှာ လေးနှစ်တာတိုက်ခိုက် နေတဲ့ ပါကစ္စတန် စစ်သွေးကြွတစ်ဦးက ဘီဘီစီကို ပြောရာမှာ ဘင်လာဒင်ဟာ သူ့အတွက်တော့ ဖခင်တစ်ဦးလိုပဲ လို့ ပြောပါတယ်။ သူသေဆုံးတာဟာ အကြီးအကျယ်ဆုံးရှုံးနစ်နာမှု ဖြစ်ပေမယ့် သူတို့ရဲ့ စစ်ပွဲဟာ လူတစ်ဦးတစ်ယောက်အပေါ်မှာ မူတည်မနေပါဘူးလို့ ဆိုပါတယ်။

ရုပ်အလောင်းပုံ မထုတ်နိုင်သေး

Bin Laden

ဘင်လာဒင်သတင်းကို ကမ္ဘာတ၀န်း ထိပ်တန်းသတင်းအဖြစ် ဖော်ပြ

အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာတော့ ဘင်လာဒင်ရဲ့ ရုပ်အလောင်းဓာတ်ပုံတွေ ထုတ်ဖော်သင့်မသင့်ဆိုတာကို နိုင်ငံရေး ခေါင်းဆောင် တွေကြား အပြင်းအထန် ဆွေးနွေးနေကြပါတယ်။

သေဆုံးတဲ့ ဓာတ်ပုံတွေဟာ စိတ်အနှောက် အယှက်ဖြစ်လောက်အောင် အနိဌာရုံမြင်ကွင်း တွေဖြစ်သလို ပါကစ္စတန်နဲ့ ဒီပုံတွေကြောင့် တချို့နိုင်ငံတွေမှာ စိတ်ပျက် ဒေါသထွက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် အခုချိန်ထိ ဓာတ်ပုံတွေ မထုတ်ပြန်သေးတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ သတင်းစာတွေမှာတော့ ဘင်လာဒင် သတင်းကို သတင်းတိုအဖြစ်သာ မထင်မရှား ဖော်ပြတာ တွေ့ရပါတယ်။

စစ်ဆင်ရေး အသေးစိတ်ထွက်လာ

Bin Laden

ဘင်လာဒင်ရဲ့ ခြံဝင်းကို ကောင်းကာင်က မြင်ရပုံ

ပါကစ္စတန် ဒေသစံတော်ချိန် တနင်္ဂနွေ ည ၁၁ နာရီကျော် မှာ အမေရိကန် ရေတပ် ကွန်မန်ဒို အထူးတပ်ဖွဲ့ က အိုစမာဘင်လာဒင် နေတဲ့ အိမ်ကို စီးနင်း တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ နောက်ထပ် အသေးစိတ်တွေ ထွက်လာခဲ့ ပါတယ်။

အမေရိကန် အစိုးရ ရဲ့ ထုတ်ဖော် ပြောချက် အရ အဲဒီ အိမ်ကို ဝင်ရောက်စီးနင်း တဲ့ စစ်ဆင်ရေး အတွင်း မှာ အမေရိကန် နေဗီ ကွန်မန်ဒို အယောက် ၃၀ လောက် ပါခဲ့ပါတယ်။ အခု ထပ်ထွက်လာတဲ့ ပါကစ္စတန် ထောက်လှမ်းရေးရဲ့ သတင်း အရ အိမ်ခြံဝင်း အတွင်း ထဲ အထိ ဝင်ခဲ့တဲ့ တိုက်ခိုက်ရေး အဖွဲ့ဝင် ၁၇ ဦး ၁၈ ဦး လောက်ရှိပါတယ်။

စစ်ဆင်ရေး အတွင်း ပါဝင်တဲ့ ရဟတ်ယာဉ် စုစုပေါင်း ၄ စင်း ဖြစ်ပြီး ၂ စင်း က မြေပေါ် အထိ ဆင်းသက်ခဲ့ပါတယ်။

အမေရိကန် တပ်တွေ ရဟတ်ယာဉ် နဲ့ ဘင်လာဒင် အလောင်း ကို သယ်ယူသွားခဲ့တာ နဲ့ တပြိုင်နက် အရှင် ဖမ်းဆီးမိတဲ့ နောက်ထပ် လူတဦး ကို လည်း သယ်ဆောင် သွားခဲ့ ပါတယ်။ အဲဒီ လူ က ဘင်လာဒင်ရဲ့ သား တဦး ဖြစ်မယ် လို့ ခန့်မှန်းကြပါတယ်။

အိမ်အတွင်း မှာ လူ ၁၀ ဦးကျော် အသက်မသေပဲ ကျန်ရစ်ပါတယ်။ သူတို့ ကို လက်မှာ ကြိုးတုပ်ရက်သား နဲ့ ထားခဲ့တာ ဖြစ်ပြီး အမေရိကန် ရဟတ်ယာဉ် တစင်း ပျက်သွားတဲ့ အတွက် ဒီ ဖမ်းဆီးထား တဲ့ လူ တွေ ကို မသယ်တော့ပဲ ထားခဲ့တာဖြစ်နိုင်တယ် လို့ တွက်ချက် ကြပါတယ်။

ကျန်ခဲ့တဲ့ သူတို့ ကတော့ ဘင်လာဒင်ရဲ့ မိန်းမ တဦး၊ ဘင်လာဒင် ရဲ့ ၁၁ နှစ် ၁၂ နှစ် အရွယ် သမီး တဦး နဲ့ ဘယ်သူ့ ကလေးတွေ မခွဲခြားနိုင်သေးတဲ့ တခြား ကလေးငယ် ၈ ဦး ၉ ဦး လောက်ဖြစ်ပါတယ်။

ဘင်လာဒင်ရဲ့ သမီးဖြစ်သူက သူ့ အဖေ ဖြစ်သူ ပစ်သတ်တာခံရတာ ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ ရတဲ့ အကြောင်း ပါကစ္စတန် ထောက်လှမ်းရေး ကို ပြောပါတယ်။

တိုက်ပွဲပြီးတော့ အလောင်း ၄ လောင်း ကျန်ခဲ့ကြောင်း လည်း ISI က ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။