လုံခြုံရေး အထူး သတိထားဖို့ လိုပြီ

  • 3 မေ 2011
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton

ဘင်လာဒင် သေဆုံးမှုဟာ အကြမ်းမှု တိုက်ဖျက်ရေး စစ်ပွဲကြီးမှာ သမိုင်း မှတ်တိုင် တခုဘဲ ဒါပေမယ့် တိုက်ပွဲကတော့ မပြီးဆုံးသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြား လိုက်ပါတယ်။

အနောက်နိုင်ငံက ခေါင်းဆောင် တော်တော် များများကလည်း အလားတူ သတိပေးမှု ပြုလုပ်ထားပါတယ်။

အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှု တွေကို တိုက်ဖျက်ဖို့ အတူတကွ ပူးပေါင်းပြီး ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက် သွားဖို့ အရေးကြီးတယ် ဆိုတာကို ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် ခေါင်းဆောင်တွေအား ထောက်ပြ ပြောကြားခဲ့ကြောင်း အစိုးရ အဖွဲ့ရဲ့ အရေးပေါ် အစည်းအဝေး တခုမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဆိုသွားခဲ့ပါတယ်။

အိုစမာ ဘင်လာဒင် သေဆုံးမှုနဲ့ ပတ်သက်လို့ ကမ္ဘာတလွှားမှာ ကျယ်ကျယ် ပြန့်ပြန့် တုန့်ပြန်မှုတွေ ရှိတဲ့ အထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ဘန်ကီမွန်း က ဒီသတင်းကို ကြိုဆိုလိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အရေးပါတဲ့ အပြောင်းအလဲ ဘဲလို့ တနင်္လာနေ့ တုန်းက ပြောသွားခဲ့ ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကလည်း အိုစမာ ဘင်လာဒင် သေဆုံးမှုကို ကြိုဆိုလိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အရေးပါတဲ့ တိုးတက်မှုလို့ ဆိုပါတယ်။

လုံခြုံရေး ကောင်စီက အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို သတိ ဝီရိယနဲ့ ရှိနေကြဖို့ ၊ အဖျက် လုပ်ရပ် ကျူးလွန်သူတွေနဲ့ အကြမ်းဖက် သမားတွေကို အတူတကွ ပူးပေါင်း နှိမ်နင်းပြီး အမှန် တရားကို ဖော်ထုတ်ကြဖို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။

ရုရှားကလည်း ဘင်လာဒင် သေဆုံးမှု ဟာ အဓိကကျတဲ့ သမိုင်း မှတ်တိုင် ဖြစ်ကြောင်း ပြောပါတယ်။

ပြင်သစ်ကတော့ ဘင်လာဒင်ကို အားစိုက်ခွန်စိုက် တလျှောက်လုံး ခြေရာခံ လိုက်ခဲ့တဲ့ အမေရိကန်ရဲ့ ကြိုးစားမှုကို ချီးကျူး ပြောကြား ခဲ့သလို ဗြိတိန်ကတော့ ဘင်လာဒင် သေဆုံးမှုဟာ ကမ္ဘာမှာ အစွန်းရောက် ဝါဒီ တွေရဲ့ ခြိမ်းခြောက်မှု အဆုံးသတ် သွားတာလို့ မဆိုနိုင်ကြောင်း သတိပေး လိုက်ပါတယ်။

အိုစမာ ဘင်လာဒင် အသတ်ခံရမှုကို လက်တုန့်ပြန်တဲ့ အနေနဲ့ ပါကစ္စတန်က တာလီဘန်တွေက အမေရိကန်နဲ့ ပါကစ္စတန် တို့ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် သတိပေးထားပါတယ်။

ဘင်လာဒင် သေဆုံးမှုဟာ Al Qaeda နဲ့ ဆက်စပ်တဲ့ အဖွဲ့တွေ အားလုံး ကျရှုံး သွားခြင်း မဟုတ်တာကြောင့် အထူး သတိ ဝီရိယနဲ့ နေထိုင်ကြဖို့ အပြည်ပြည် ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol က ဆော်သြထားပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague ကလည်း လုံခြုံရေး အခြေအနေ ကို ပြန်လည်သုံးသပ်ကြဖို့ ကမ္ဘာ တဝှမ်းလုံးက ဗြိတိသျှ သံရုံးတွေကို ပန်ကြား ထားပါတယ်။

အမေရိကန် သံရုံးတွေမှာလည်း လုံခြုံရေးကို အစွမ်းကုန် တိုးမြှင့် တင်းကျပ်ထား တယ်လို့ သိရပါတယ်။

ပါလစ်စတိုင်း စစ်သွေးကြွ အုပ်စု ဖြစ်တဲ့ ဟားမတ်စ် အဖွဲ့ကတော့ အိုစမာ ဘင်လာဒင်ကို သေဆုံးရမှုဟာ လုပ်ကြံ သတ်ဖြတ် ခံရတာ ဖြစ်ပြီး သူဟာ အာရပ်ကမ္ဘာရဲ့ သူရဲကောင်း စစ်သည်တော် တပါးလို့ ဆိုပါတယ်။