အပြောင်းအလဲ က အတုလား၊ အစစ်လား ဆွေးနွေးနေကြ

myanmar parliament ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာပါလီမန် ထဲ အများစု က စစ်ယူနီဖောင်း က နေ အရပ်ဝတ် လဲထားသူ တွေ ဖြစ်

မြန်မာနိုင်ငံ က အပြောင်းအလဲ တွေ နဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး အပြောင်း အလဲ ဖက် တကယ် ဦးတည် နေတာလား၊ ဟန်ပြ လုပ်နေ တာလား ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲ တခု ဂျာမနီ မှာ ကျင်းပခဲ့ ပါတယ်။

မြန်မာ နိုင်ငံ ကနေ လာရောက် ဆွေးနွေးတဲ့ Myanmar Egress အဖွဲ့က ဒေါက်တာ နေဝင်းမောင် က တော့ မြန်မာ နိုင်ငံမှာ ပြောင်းလဲ နေ တဲ့ အချက် သုံးချက်ကို သူ မြင်တွေ့ ရတဲ့ အတွက် အဲဒီအချက် တွေ ကို အဓိကထား ဆွေးနွေး ခဲ့တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အဲဒီအချက် တွေ ကတော့ မြန်မာပြည် မှာ ခေါင်းဆောင်မှု ပြောင်းလဲသွားပြီ၊ အာဏာကိုင် ထားမှု က လည်း အရင်လို တနေရာထဲမှာ စု မနေတော့ပဲ ခွဲဖြန့် သွားပြီ၊ နောက်ဆုံး တချက် ကတော့ စစ်တပ် အုပ်ချုပ်ရေး အာဏာ နဲ့ အရပ်ဖက် အုပ်ချုပ်ရေး အာဏာ တွေ ကွဲပြား သွားပြီ ဆိုတဲ့ အချက် တွေ ပဲ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့သူတွေ ထဲက နောက် တဦး ဖြစ်တဲ့ ထိုင်း နိုင်ငံ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော် ကတော့ မြန်မာပြည် ပြောင်းလဲ တယ် ဆိုတာဟာ အပေါ်ယံ သာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေး ပြောင်းလဲမှု၊ စီးပွားရေး ဆိုင်ရာ ပြောင်းလဲမှု တွေ လုပ်မှသာ အပြောင်း အလဲ လုပ်နေတယ် ဆိုတာကို မြင်သာမှာ ဖြစ်ကြောင်း နဲ့ အခု အထိတော့ အပြောင်း အလဲ က မတွေ့ရ သေးကြောင်း သူ က ပြောပါတယ်။

နိုင်ငံရေး ပြောင်းလဲမှုတွေ ထဲ နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေးတာ၊ တိုင်းရင်းသား နယ်မြေ တွေ ဆီက တိုက်ပွဲ တွေ ရပ်စဲဖို့ အရေး စတဲ့ အရေး ၂ ခု က ပို အရေးကြီး တဲ့ အတွက် အဲဒီ အပြောင်း အလဲ တွေ မလုပ်မချင်း အရင် စစ်အစိုးရ လို အစိုးရ ပဲ လို့ မြင်ကြ မှာ ဖြစ်ကြောင်း ဦးအောင်ဇော် က ဆိုပါတယ်။

အခု ဆွေးနွေးပွဲ ကို ပြည်တွင်း က နိုင်ငံရေး သမား တချို့ လည်း တက်ရောက်တာ တွေ့ရ သလို၊ နယ်စပ် နဲ့ ပြည်ပရောက် အတိုက်အခံ အဖွဲ့ တွေက ဒီမိုကရေစီ ရေး လှုပ်ရှားသူ တွေ လည်းတက်ရောက် ကြပါတယ်။

အခု ဆွေးနွေးပွဲ ကို စည်းရုံး ကျင်းပ ကြသူတွေ က ဘယ်လို ရည်ရွယ်ချက် နဲ့ ကျင်းပ သလဲ ဆိုတဲ့ အပေါ် ရှင်းရှင်း လင်းလင်း မရှိကြ ပေမယ့် ဂျာမနီ နိုင်ငံရေး အသိုင်း အဝိုင်း ထဲ က မြန်မာ နိုင်ငံ ကို စီးပွားရေး အရ အရေးယူ ဆောင်ရွက်နေတဲ့ ဥရောပ သမဂ္ဂ ရဲ့ လုပ်ဆောင်ချက် ကို ပြင်ဆင် လိုတဲ့ ပုဂ္ဂိုလ် တွေ က လုပ်ဆောင် ကြတာ လို့ ခန့်မှန်း ကြပါတယ်။