ဘင်လာဒင် အလောင်းပုံတွေ ထုတ်ပြန်မှာ မဟုတ်

  • 5 မေ 2011
spokesperson ဓာတ်ပုံ မူပိုင် Getty
Image caption ဘင်လာဒင် ပုံတွေ မထုတ်ပြန်ဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ တာဝန်ခံပြော

တနင်္ဂနွေနေ့ညက အမေရိကန်တပ်တွေရဲ့ စီးနင်းမှုမှာ အသေဖမ်းဆီး ရမိခဲ့တဲ့ အော်စမာ ဘင်လာဒင်ရဲ့ အလောင်း ဓာတ်ပုံတွေကို ထုတ်ပြန်ခြင်း မပြုဖို့ သမ္မတ အိုဘားမားက ဆုံးဖြတ် လိုက်ပါတယ်။

ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်ရင် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အောင် အားပေးရာ ရောက်နိုင်တယ်၊ ဒါမှမဟုတ် ဝါဒဖြန့်ဖို့ သုံးနိုင်တာမို့ ခုလို ဓာတ်ပုံတွေ မထုတ်ပြန်ဖို့ အိမ်ဖြူတော် ပြောခွင့်ရ တာဝန်ခံ ဂျေးကာနီက ပြောပါတယ်။

နောက်ပြီး စီးနင်းမှုမှာ အသေဖမ်းဆီးရမိသူဟာ အော်စမာ ဘင်လာဒင် ဖြစ်တာကို ဒီအင်အေ အထောက်အထားတွေ အကူအညီနဲ့ သံသယ ဖြစ်စရာ မလိုဘဲ အတည်ပြုနိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

သမ္မတ အိုဘားမားကတော့ ဘင်ဘာဒင်ကို ကမ္ဘာပေါ်မှာ ဘယ်တော့မှ ထပ်မြင်ရတော့မှာ မဟုတ်ဖူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

အော်စမာ ဘင်လာဒင်အိမ်ကို ဝင်စီးတုန်းက သိမ်းဆည်း ရရှိတဲ့ သတင်း အချက် အလက်တွေအရ အမေရိကန် အစိုးရက စောင့်ကြည့်ရမဲ့ အကြမ်းဖက်သမား ဦးရေ တိုးလာနိုင်စရာ ရှိတယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ်ဟိုလဒါက ပြောပါတယ်။

သိမ်းဆည်း ရမိတဲ့ထဲမှာ ကွန်ပြူတာ ဆယ်လုံး၊ မိုဘိုင်းဖုံး ဆယ်လုံးနဲ့ ယူအက်စဘီဒရိုင့်ဗ အခုတရာ ဝန်းကျင်လောက် ပါဝင်ပါတယ်။

ဘင်လာဒင်ကို သတ်ဖြတ်မှုကို အမေရိကန် ရှေ့နေချုပ်က ကိုယ့်နိုင်ငံ ကိုယ်ကာကွယ်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုခဲ့ပါတယ်။

ဘင်လာဒင်ရဲ့ အင်္ကျီ အိပ်ကပ်ထဲမှာ ယူရိုငွေ ငါးရာနဲ့ လက်ကိုင်ဖုံး နှစ်လုံး အဆင့်သင့် ထည့်ထားပြီး အရေးအကြောင်း ရှိလာရင် အလွယ်တကူ ထွက်ပြေးနိုင်အောင် အသင့် ပြင်ထားပုံ ရတယ်လို့ နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေမှာ ဆိုထားပါတယ်။

အော်စမာ ဘင်လာဒင် ပုန်းနေတဲ့ နေအိမ်ကို ဝင်စီးတုန်းက ပစ်ခတ်မှုမှာ ဒဏ်ရာ ရသွားသူတွေကို လျှို့ဝှက် နေရာတွေမှာ ထိန်းသိမ်းထားတယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

အဲဒိထဲက တချို့ကို ဆေးကုသမှု ပေးနေတယ်လို့ ပါကစ္စတန် စစ်ဘက် အရာရှိ တယောက်က ပြောပါတယ်။

ဒီအတော အတွင်းမှာ ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွပ်ဖ ရာဇာ ဂျီလာနီက သူ့နိုင်ငံမှာ အကြမ်းဖက် ခြောက်လှန့်သတ်ဖြတ်မှုဝါဒကို ရင်ဆိုင် နှိမ်နင်းရာမှာ နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ ပန်ကြားခဲ့ပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ်နဲ့ ပြင်သစ် သမ္မတတို့ ပါရီမှာ တွေ့ဆုံပြီးနောက် ခုလို ပန်ကြားခဲ့တာ ဖြစ်ပြီး ပါကစ္စတန်က လုံခြုံရေး အဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရာမှာ ပြင်သစ်က ကူညီမယ်လို့ ဆာကိုဇီက သဘောတူခဲ့ပါတယ်။