သေဆုံးခဲ့သူတွေအတွက် အိုဘားမား ပန်းခွေချ

Obama at Ground Zero ဓာတ်ပုံ မူပိုင် b
Image caption ပန်းခွေချလာတဲ့ သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားဟာ ကြာသပတေးနေ့က ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ က အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေ လေယာဉ်နဲ့ ဝင်တိုက်ခဲ့လို့ ပြိုကျ ပျက်စီးခဲ့ရတဲ့ နယူးယောက်မြို့က အမွှာ မျှော်စင် အဆောက်အဦ နေရာကို ရောက်လာပြီး သေဆုံးရခဲ့သူတွေရဲ့ မိသားစုတွေ နဲ့ တွေ့၊ ပြီးတော့ အဲဒီနေရာမှာ လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။

ဒါဟာ တနင်္လာနေ့ မနက်စောစောက အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန် တပ်တွေက ပါကစ္စတန်နိုင်ငံထဲမှာ ဝင်တိုက်ခိုက် သတ်ဖြတ်ခဲ့အပြီးမှာ သမ္မတက အယ်လ်ကိုင်းဒါးလက်ချက်နဲ သေဆုံးခဲ့ရသူတွေကို လာပြီး အမှတ်ရ ကြောင်းပြသတာပါ။

သမ္မတဟာ အဲဒီ ၉/၁၁ တုန်းက လူတွေကို ကယ်ဖို့ စွမ်းစွမ်းတမံ ကြိုးစားရင်း ကျဆုံးခဲ့ရသူတွေ ရှိခဲ့တဲ့ မီးသတ်တပ်ဖွဲ့ စခန်းကိုလဲ ဝင်ရောက်ပြီး မီးသတ်သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူက သေဆုံးသူတွေကို မမေ့ဘူးလို့ ပြောရင် ဘယ်တော့မှ မမေ့ပါဘူး၊ တရားမျှတမှုကို ရအောင် လုပ်ပေးမယ်ဆိုရင်လဲ လုပ်ပေးမှာပါပဲ လို့ ပြောသွားပါတယ်။

သမ္မတ အိုဘားမားနဲ့ တွေ့လိုက်ရတဲ့ နယူးယောက်မို့ မီးသတ်ဦးစီးမှုး အက်ဒွပ် ကင်းလ်ဒပ်ဖ် ကတော့ အမေရိကန် သမ္မတတွေဟာ အမေရိကန်ပြည်သူတွေ ဖက်က ရပ်တာ တွေ့ရလို့ ဂုဏ်ယူတယ်လို့ ပြောပါတယ်။

"သမ္မတ ဘုရှ်ကိုရော သမ္မတ အိုဘားမားကို ပါ လုပ်စရာရှိတာတွေ ဖြစ်အောင်လုပ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ သမ္မတက ဘင်လာဒင်ကို ရအောင် ရှာမယ်လို့ ပြောခဲ့တယ်၊ အချိန်ယူခဲ့ ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ရပေမဲ့ နောက်ဆုံးတော့ ရှင်းနိုင်ခဲ့ပါပြီ"

သမ္မတဟာ ပန်းခွေချ၊ မီးသတ်သမားတွေနဲ့ တွေ့ပြီးတော့ မိန့်ခွန်းပြောတာ တွေ မလုပ်ပဲ ပြန်သွားခဲ့ပါ့တယ်။ ဒါကလဲ အိုစမာ ဘင်လာဒင်ကို အပြတ်ရှင်းခဲ့ပြီးတဲ့ နောက် အောင်ပွဲခံနေတယ်၊ နိုင်ငံရေးအရ လူကြိုက်များအောင် လုပ်နေတယ်လို့ အများက မယူဆနိုင်အောင် သတိနဲ့ လုပ်သွားတာ ဖြစ်တယ်လို့ သတင်းထောက်တွေ က သုံးသပ်ပါတယ်။

ကွဲလွဲနေတဲ့ အချက်တွေ

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံးအချိန်မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ မရှင်း

ဒီကြားထဲမှာပဲ ဘင်လာဒင်ကို အမေရိကန်တပ်တွေ ဝင်တိုက်ခဲ့တဲ့ နောက်ဆုံး အချိန်က ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း အမေရိကန် အစိုးရဖက်က အသေးစိတ်အချက်တချို့ ထပ်ထွက်လာပါတယ်။ တရားဝင် ထုတ်ပြန်တာတော့ မဟုတ်ပါဘူး၊ နယူးယောက်တိုင်း သတင်းစာလို သတင်းစာကြီးက သတင်းထောက်တွေကို အရာရှိတွေက ပြောပြတာပါ။

အဲဒီအချက်တချို့ဟာ အစောပိုင်းက သမ္မတ အိမ်ဖြူတော်က အရာရှိတွေ ပြောကြားချက်နဲ့ ကွဲလွဲနေတာလဲ တွေ့ရပါတယ်။

ထပ်သိလာရတဲ့ အချက်ထဲမှာ ဘင်လာဒင်ရဲ့ အိမ်ဝင်းထဲကို ဝင်စီးစဉ်က သူ့ရဲ့ ဆက်သား တယောက်ထဲကသာ သေနတ်နဲ့ ပြန်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူကို လဲ ချက်ခြင်း ပစ်သတ်လိုက် နိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဘင်လာဒင်ကို သူ့ အခန်းထဲမှာ တွေ့ရချိန်က သူလက်ထဲမှာ ဘာလက်နက်မှာ ရှိမနေပါဘူးလို့လဲ ပြောခဲ့ပါတယ်။

အစောပိုင်းကတော့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ၀င်စီးနင်းတဲ့ မိနစ် လေးဆယ်လုံးလုံး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ အချိန်အကြာကြီး ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဘင်လာဒင်က အဖမ်းမခံပဲ ခုခံလို့ ပစ်သတ်လိုက်ရတယ်လို့လဲ ပြောခဲ့တာဖြစ်ပါတယ်။

တကယ်တန်းဘာတွေ ဖြစ်ခဲ့သလဲဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ တကယ်တန်း ဝင်စီးနင်းတိုက်ခဲ့တဲ့ အမေရိကန် ကွန်မန်ဒိုတွေက အသိဆုံးဖြစ်ပါလိမ့်မယ်။ အဲဒီ နေဗီဆီးလ် ကွန်မန်ဒိုအဖွဲ့ကိုလဲ သမ္မတက သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။