အမေရိကန်တပ်တွေကို အာဖဂန်ကနေ ပြန်ခေါ်မလား

  • 7 မေ 2011
Obama ဓာတ်ပုံ မူပိုင် AP
Image caption အာဖဂန်က ပြန်လာတဲ့ စစ်သား တချို့ကို အိုဘားမား နှုတ်ဆက်

ဘင်လာဒင်ကို အသေဖမ်းမိခဲ့တဲ့ အဖြစ်အပျက် အပြီးမှာ အာဖဂန် နစ္စတန် အမေရိကန်တပ်တွေရဲ့ အနာဂတ် ဘာလဲဆိုတဲ့ မေးခွန်းဟာ ရှေ့တန်း ရောက်လာပါတယ်။

ဒါဟာ တချို့ အမေရိကန်တွေ အတွက်တော့ မှတ်တိုင် တခုဖြစ်ပြီး တချိန်ထဲမှာ အမေရိကန် တပ်တွ အိမ်ပြန်ခေါ်သင့်ပြီလို့ အမေရိကန် ပြည်သူ တချို့က ယူဆနေပါတယ်။ စီမံကိန်းတွေ လျှောက်မလုပ်ဖို့ သတိထားရလိမ့်မယ်လို့ ဘင်လာဒင် သေတဲ့ညက အိမ်ဖြူတော် ရှေ့မှာ အောင်ပွဲခံနေတဲ့ အမေရိကန် တယောက်က ပြောပြပါတယ်။

တကယ်တော့ အမေရိကန် တပ်တွေကို အာဖဂန် နစ္စန်ကနေ ပြန်ခေါ်မလား ဆိုတဲ့ မေးခွန်းဟာ အမေရိကန် အစိုးရထဲမှာလည်း မကြာခဏ ဆွေးနွေးဖြစ်တဲ့ မေးခွန်းဖြစ်ပြီး နေတိုး အဖွဲ့ချုပ် ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းကာဒ် ဗေါ့ကာက အမေရိကန် ပြည်သူတွေ ကြားမှာ အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု ဝါဒ စစ်ပွဲကို အဆုံး သတ်စေချင်တဲ့ ဆန္ဒတွေ ထင်ထင် ရှားရှားကြီး ထုတ်မပြ ကြရင်တောင် ရှိနေတယ်၊ ဒီကနေ စာမျက်နှာသစ်လှန်ပြီး ရှေ့ဆက်ချင်နေကြပါတယ်၊ အတော်များများက အာဖဂန် နစ္စတန်က အခြေအနေတွေဟာ ပိုကောင်းလာတာ မဟုတ်ဖူးလို့ မြင်ကြပါတယ်လို့ ထင်မြင်ချက် ပေးပါတယ်။

တခါ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပေါ်လစီ စီမံကိန်း ဒါရိုက်တာဟောင်း အန်းမရီး ဆလော်တာက အင်္ဂါနေ့က အထက် လွှတ်တော်မှာ ထွက်ဆိုရာမှာ ဘင်လာဒင် သေတဲ့ အတွက် အမေရိကန်က အာဖဂန် စစ်ပွဲ အဆုံးသတ်မှာ မဟုတ်ပေမယ့် ဒီအသေ ဖမ်းဆီးနိုင်မှုကို နိဂုံးရဲ့ နိဒါန်းလို့ သတ်မှတ်သင့်တယ်လို့ ဆိုပါတယ်။

ဒီကနေ ဒေသတွင်းမှာ အထူးသဖြင့် အာဖဂန် နစ္စတန်နဲ့ ပါကစ္စတန်မှာ တည်ငြိမ်မှု၊ လုခြုံမှုတွေ ပိုရှိလာမဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေး သဘောတူညီမှုတွေ ရရှိအောင် လုပ်နိုင်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း အကောင်းမြင်တဲ့ ဘက်ကနေ ပြောသွားပါတယ်။

အိုဘားမား အနေနဲ့ အာဖဂန်ကနေ တပ်တချို့ ဒီနှစ်ထဲမှာ ပြန်ခေါ်ဖို့ အစကတည်းက စီစဉ်ထားတာ ရှိပြီး ခုဘင်လာဒင် သေသွားပြီးနောက်မှာ ဒီအစီအစဉ်ကို မြန်မြန် အကောင်အထည် ဖော်ဖို့ သူဟာ ဖိအားပိုပေးခံလာရနိုင်ပါတယ်။

တဘက်မှာ အမေရိကန် ရင်ဆိုင်နေရတဲ့ အကြမ်းဖက် ချိမ်းခြောက်မှု အန္တရယ်တွေ အတွက် အာဖဂန် နစ္စတန်တင်မက တခြား နိုင်ငံတွေ အထူးသဖြင့် ပါကစ္စတန်နဲ့ ယီမင်တို့လို နိုင်ငံတွေကိုပါ ကြည့်သင့်တယ်၊ နောက်ဆုံး ကိုယ့်နိုင်ငံထဲကနေ မြစ်ဖျားခံလာနိုင်တဲ့ ချိမ်းခြောက်မှု အန္တရယ်မျိုးတွေကိုပါ အာရုံ ပြောင်းသင့်ပြီဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒီလို ထင်သာ မြင်သာ မရှိတဲ့ ချိမ်းခြောက်မှု အန္တရယ်တွေကို ကြည့်ပြီး အမေရိကန် အနေနဲ့ အာဖဂန်မှာ စစ်သား တသိန်းလောက်ချပြီး တနှစ် တနှစ် ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံနေတာ နေရာရော ကျရဲ့လားလို့ အတော်များများ ကမေးခွန်း ထုတ်နေပါတယ်။

ဘင်လာဒင် သေရုံနဲ့တော့ အိုဘားမားဟာ အာဖဂန်ကနေ အမေရိကန်တပ်တွေကို ပြန်ခေါ်အုံးမှာ မဟုတ်သေးပါဘူး။

ဒါပေမယ့်လည်း တလတလ ကိုယ့်နိုင်ငံက စစ်သား ငါးဆယ်လောက် အသက်ဆုံးရှုံးနေတဲ့ နိုင်ငံကနေ တပ်တွေ ပြန်ရုပ်ချင်ရင် ခုအချိန်ဟာ ရုပ်ဖို့ အကောင်းဆုံးပဲလို့ မြင်တဲ့သူတွေကတော့ ဒုနဲ့ဒေးနဲ့ ရှိတယ်လို့ ဘီဘီစီ သတင်းထောက် ပေါအာဒမ်စက ဒီစီကနေ သတင်းပေးပို့ထားပါတယ်။