ထိုင်းငါးဖမ်းလှေတွေမှာ အရောင်းခံရတဲ့ မြန်မာ ရေလုပ်သားတွေ

Image caption IOM အဖွဲ့ Logo

နိုင်ငံတကာ ရွှေ့ပြောင်းသူများ အဖွဲ့အစည်း IOM က ထိုင်းနိုင်ငံ ရဲ့ ငါးဖမ်းလုပ်ငန်း အတွင်း လူကုန်ကူးခံရတဲ့ အဖြစ်အပျက် အစီရင်ခံစာ တခုကို မနေ့က ထုတ်ဝေ လိုက်ပါတယ်။

ထိုင်းနိုင်ငံက ငါးဖမ်း လုပ်ငန်းတွေမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများအပြားဟာ သူတို့ပိုင် ငါးဖမ်းလှေ တွေကို ရောင်းစားတာ ခံရ ပြီး ကျွေးတာစား ခိုင်းတာလုပ် ပုံစံနဲ့ အလုပ်လုပ်ခဲ့ ရတယ် ဆိုတဲ့ မြန်မာ အလုပ်သမား တွေရဲ့ အကြောင်းတွေ သတင်းတွေထဲမှာ မကြာခဏ တွေ့ရတတ် ပါတယ်။

အခု အစီရင်ခံစာမှာ အဓိက ပြောထားတာ ကတော့ ရွှေ့ပြောင်း အလုပ်သမားတွေ အပေါ် မတရား သဖြင့် ခိုင်းစေ နေတာတွေ မဖြစ်ရအောင် ဥပဒေ အရ အကာအကွယ် ပေးဖို့ အတွက် ဥပဒေတွေ ပြဌာန်းလာအောင် ၊ နောက်ပြီး အဲဒီ ဥပဒေ အတိုင်း အကောင်အထည် ဖော်နိုင်ဖို့ အတွက် အဓိက ထောက်ပြပါတယ်လို့ IOM ရဲ့ အာရှ နဲ့ ပိစိဖိတ် ဒေသဆိုင်ရာ ပြောခွင့် ရပုဂ္ဂိုလ် မစ္စတာ Chris Lom က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာနိုင်ငံက ရေလုပ်သားတွေ ထိုင်းမှာ ရောင်းစား ခံနေရ

ပင်လယ်ထွက်ပြီး လုပ်ကြရတဲ့ ထိုင်းငါးဖမ်း လုပ်ငန်းမှာ မြန်မာ အလုပ်သမားတွေ ၊ ကမ္ဘောဒီးယားက အလုပ်သမားတွေ အများအပြား ပါဝင်ပြီး သူတို့ အလုပ်လုပ်ရတဲ့ ပုံစံက ပုံမှန် မဟုတ်တဲ့ အတွက် မတရား လုပ်ခံ ရဖို့ အခြေအနေ ကြုံနေရနိုင်ကာ အစိုးရ အနေနဲ့ ဒီလို အလုပ်သမား တွေကို အကာအကွယ် ပေးနိုင်အောင် အခု အစီရင်ခံစာ က ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။

ဒီလို ဖြစ်နေတာတွေကို အများက သိလာအောင် လုပ်ရမယ် ငါးဖမ်းလုပ်ငန်း အတွင်းမှာ မတရား ခိုင်းစေခံ နေရတာ ၊ လုပ်အားကို အမြတ်ထုတ် နေကြတဲ့ အဖြစ်တွေ အများကြီး ရှိနေပြီး အခု အဲဒီ အဖြစ်တွေကို ပိုရှင်းလင်းအောင် သိဖို့ ဒီအစီရင်ခံစာမှာ ထည့်ရေး ထားသလို အခု အစီရင်ခံစာ ကို ထိုင်းအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ အဆင့်အထိ ရောက်အောင် ပို့ထားတယ်လို့ ပြောပါတယ်။

ဒီထိုင်း ငါးဖမ်းလုပ်ငန်း တွေက ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ဘိုးကြီးတဲ့ လုပ်ငန်းကြီးတွေ ဖြစ်ပြီး နိုင်ငံတကာ အဆင့် ကြီးမားတဲ့ ဒီလုပ်ငန်း အတွင်းမှာ ရှိနေတဲ့ အလုပ်သမား တွေက စံချိန်မီတဲ့ အလုပ်သမား အခွင့်အရေး တွေကို ရသင့်တာကြောင့် ဒီအကြောင်းကို ပိုလက်ခံ လာအောင် ကြိုးစားတာ ဖြစ်ကြောင်း ဆိုပါတယ်။

အရင် ထိုင်း အစိုးရတွေတုန်းက အခုလို ထိုင်းနိုင်ငံတွင်း လူကုန်ကူးတာ လူတွေကို မတရား ခိုင်းစေနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ခပ်မှိန်မှိန် လုပ်ခဲ့ပါတယ်။

အခု လက်ရှိ အစိုးရရဲ့ ထိပ်ပိုင်းတွေ အထိ ဒီ အရေးအပေါ် စိတ်ဝင်တစား ရှိကြပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက လုပ်ခဲ့တဲ့ ဥပဒေ တခုဟာ ရှေ့ကို တိုးတက်လာတယ်လို့ ဆိုရမှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

အဲဒီ ဥပဒေအရ လူကုန်ကူးခံရပြီး ထွက်ပြေး လွတ်မြောက် လာလို့ ဖြစ်စေ၊ ကယ်ဆယ် ခံရလို့ပဲ ဖြစ်စေ လွတ်မြောက်လာရင် အဲဒီ မတရား လုပ်ထားတဲ့ လူကို တရားပြန်စွဲ နိုင်အောင် ထိုင်းနိုင်ငံမှာ နောက်ထပ် နေထိုင်ခွင့် ၆ လ ပေးကာ အဲဒီ ကာလအတွင်း သူဟာ အလုပ်လုပ်ခွင့် လည်း ရှိမယ်၊ လူကုန်ကူးပြီး မတရားပြုတဲ့ သူကို တရားစွဲခွင့် အတွက် အခွင့်အလမ်းကို အားပေးရာ ရောက်တဲ့ အတွက် ဒီလို ဥပဒေ မျိုး က ကြိုဆိုစရာ ဖြစ်တဲ့ အကြောင်း ဒီလိုပဲ ဥပဒေပိုင်း ဆိုင်ရာနဲ့ ရွေ့ပြောင်း အလုပ်သမား တွေကို အကာအကွယ်ပေးနိုင်ရေး ရှေ့မှာ ပို ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ Chris Lom က အသေးစိတ် ရှင်းပြခဲ့ ပါတယ်။