Dunkley တရားလို နေမကောင်း အမှု ကြာနိုင်

  • 7 မေ 2011
Dunkley ဓာတ်ပုံ မူပိုင် AFP
Image caption Ross Dunkley

Myanmar Times ဂျာနယ်ကို စထောင်သူ Ross Dunkley အမှုကို သောကြာနေ့က စစ်ဆေးရာမှာ မူလ တရားလို နေမကောင်း ဖြစ်ပြီး မထွက်ဆိုနိုင်တဲ့ အတွက် အမှုကို ခုလ ဆယ့်နှစ်ရက်နေ့မှာ တခါ ရက်ချိန်း ပေးလိုက်ပါတယ်။

သူ့ကို မြန်မာ အမျိုးသမီး တယောက်က အနိုင်ကျင့် နှိပ်စက်မှုနဲ့ တရား စွဲထားပြီး တရားလို အမျိုးသမီးကို သောကြာနေ့က ရုံးချိန်း ခေါ်ထားရာမှာ ရုံးရောက်ပြီးမှ သွေးဆင်းတဲ့ အတွက် ဆေးခန်းကတဆင့် ဆေးရုံ ပို့ပေး ခဲ့ရပါတယ်။

ဆယ့်နှစ်ရက်နေ့မှာ တခါ အမှု မစစ်နိုင်ရင် အမှုက ဆက်ပြီး ကြာသွားနိုင်တယ်လို့ Dunkley ရှေ့နေ ဦးမင်းစိန်က ဘီဘီစီကို ပြောပြပါတယ်။

Ross Dunkley က သူ့ကို မူးယစ်ဆေးတွေ တိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စစ်မေးစရာ တချို့ ရှိနေတယ်လို့ ဦးမင်းစိန်က ပြောပါတယ်။

Dunkley ကို လွန်ခဲ့တဲ့ သုံးလလောက်က ဖမ်းဆီးခဲ့ပြီး မကြာသေးခင်က အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

လောလောဆယ် သူဟာ မြန်မာတိုင်းမှာ အလုပ် ပြန်ဆင်းနေတယ်လို့ ဦးမင်းစိန်က ပြောပါတယ်။

Dunkley ကို စတရားစွဲတဲ့ အမျိုးသမီးက နောက်ပိုင်းမှာ အမှုကို ပြန်ရုပ်ချင်တယ်လို့ ပြောပြီးနောက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဒီအမှုကို လက်လွှဲ ယူခဲ့တာ ဖြစ်ပါတယ်။

Dunkley ကို စစ်ထောက်လှမ်းရေး အုပ်စုနဲ့ နီးစပ်သူ အဖြစ် မြင်ကြပြီး စစ်ထောက်လှမ်းရေး အရာရှိတွေကို လက်ရှိ အစိုးရက ဖယ်ရှားပြီးနောက် Dunkley နဲ့ လက်ရှိ အာဏာပိုင်တွေကြား ဆက်ဆံရေး အဖုအထစ်တွေ ရှိလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

ဒီအတောအတွင်းမှာ Dunkley တရား စွဲခံရတာ ဖြစ်ပြီး သူ့ကို တရားစွဲတာဟာ သွေးရိုး သားရိုး မဟုတ်ဖူးဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။