ဘင်လာဒင် ကိစ္စ ပါကစ္စတန် အစိုးရ ဖိအားပေးခံရ

Pakistan demo
Image caption ဘင်လာဒင် ကိစ္စကို အမေရိကန်ရဲ့ စွက်ဖက်မှု အဖြစ် ပါကစ္စတန် နိုင်ငံသားတွေက မြင်ကြပါတယ်။

ဘင်လာဒင် အိမ်ကို အမေရိကန် လုံခြုံရေး တပ်တွေက ဝင်စီးမှု အဖြစ်အပျက်နောက် ပိုင်းမှာ ပါကစ္စတန် အစိုးရဟာ ပြည်တွင်း ပြည်ပမှာ ဖိအားပေး ခံနေ ရပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းက ဘင်လာဒင်အိမ် စီးနင်းမှုကို ပါကစ္စတန် အစိုးရ ကိုင်တွယ်ပုံကို ဝေဖန်လိုက်ပြီး ပါကစ္စတန် သမ္မတနဲ့ ဝန်ကြီးချုပ်တို့ ရာထူးက ဆင်းပေးဖို့ တောင်းဆို ခဲ့ပါတယ်။

ပါကစ္စတန် အစိုးရဟာ တိုင်းပြည် ခေါင်းဆောင် တွေမှာ ရှိအပ်တဲ့ ခေါင်းဆောင်မှုမျိုး မပြ ခဲ့ဘူးလို့ ပါကစ္စတန် ပြည်သူတွေက မြင်ကြတယ်၊ တိုင်းပြည်ရဲ့ အချုပ် အခြာ အာဏာ ချိုးဖောက်ခံရတယ်၊ အစက အမေရိကန် တပ်တွေ တိုင်းပြည်ထဲမှာ ရှိမနေဘူးလို့ ပြောပေမယ့် ဒီအချက် မမှန်တာ ခုရှင်းရှင်း လင်းလင်း သိရပြီ၊ ဒီတော့ ဒီမိုကရေစီ အစိုးရ ပီပီ ကိုယ့်တာဝန် ကိုယ်သိဖို့ ကောင်းတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းက ပြောလိုက်ပါတယ်။

ဘင်လာဒင် ပုန်းနေတဲ့ အိမ်ကို အမေရိကန် တပ်တွေက ဝင်စီးပြီးမှ အမေရိကန်တွေက ပါကစ္စတန် အစိုးရကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန် အစိုးရ အနေနဲ့ အမေရိကန် အစိုးရက သူတို့ နိုင်ငံ အချုပ်အချာ အာဏာကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ အမြင်မျိုးကို ဖြေရှင်းဖို့ လိုအပ်နေသလို တဘက်မှာလည်း ဘင်လာဒင်ဟာ ပါကစ္စတန် နိုင်ငံထဲက မြို့တော်နဲ့ မလှမ်းမကမ်းမှာ နှစ်ပေါင်းများစွာ နေထိုင် နိုင်ခဲ့တာနဲ့ ပတ်သက်လို့လည်း ဖြေရှင်းစရာ ရှိနေတယ်လို့ အမေရိကန်တို့က ယူဆနေပါတယ်။

အဲဒိအတွက် ပါကစ္စတန် ထောက်လှမ်းရေး အကြီးအကဲ ရာထူးက ဆင်းပေးဖို့ ဖိအား ပေးမှုတွေ ရှိနေသလို သူကိုယ်တိုင် ဝါရှင်တန် ဒီစိကို သွားပြီး ဘင်လာဒင် ကိစ္စမှာ ပါကစ္စတန် အစိုးရရဲ့ အနေအထားကို ရှင်းလင်း ပြောကြားလိမ့်မယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် လာခဲ့ပါတယ်။

ဒါပေမယ့် ပါကစ္စတန် စစ်တပ်ကတော့ ဒီပြောကြားချက်တွေ မမှန်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

လောလောဆယ် ဘယ်သူမှ ရာထူးက ဆင်းစရာ မလိုသေးဘူး ဆိုရင်တောင် ပါကစ္စတန် အစိုးရ အနေနဲ့ ပြောခဲ့တဲ့ မေးခွန်းတွေကို ဖြေပေးဖို့ လိုနေသေးတယ်လို့ အတော်များများက မြင်ကြပါတယ်။

ပါကစ္စတန် သမ္မတက မနက်ဖန်မှာ လွှတ်တော်ခေါ်ပြီး ဝန်ကြီးချုပ်က ပြောစရာ အချက် အလက်တွေ အားလုံးကို လွှတ်တော်မှာ ချပြလိမ့်မယ်။ လွှတ်တော်အမတ် တွေကလည်း ဝင်ဆွေးနွေးကြလိမ့်မယ်၊ ဘင်လာဒင်နဲ့ ပတ်သက်လို့တော့ သူ့ကို အမေရိကန် ထောက်လှမ်း ရေးက အဆင့်မြင့် ထောက်လှမ်းရေး ကိရိယာတွေနဲ့ တောက်လျှောက် ခြေရာ ခံနေတာ ဖြစ်တယ်၊ ထောက်လှမ်းရေးပိုင်းမှာ အဆင့်မြင့်လှတဲ့ အမေရိကန်တွေတောင် စက်တင်ဘာ ဆယ့်တရက် တိုက်ခိုက်မှုကြီးကို အငိုက်မိသွားခဲ့ပြီး အဲဒိတုန်းကတောင် ဘယ်သူကမှ အမေရိကန် အစိုးရ ခေါင်းဆောင်ပိုင်းကို ရာထူးက ဆင်းပေးဖို့ တောင်းဆို တာမျိုး မရှိခဲ့ဘူးလို့ ယူကေ နိုင်ငံ ဆိုင်ရာ ပါကစ္စတန် ကော်မရှင်နာ မင်းကြီးက ခေျပ ပြောဆိုခဲ့ပါတယ်။

တဘက်မှာ ဘင်လာဒင် အဖြစ်အပျက် အပြီးမှာ ပါကစ္စတန် သမ္မတဟာ တိုင်းသူ ပြည်သား တွေကို မိန့်ခွန်း ပြောတာမျိုး မလုပ်ဘဲ နိုင်ငံခြားက သတင်းစာ တစောင်မှာ ရှင်းလင်း ရေးသားမှု လုပ်ခဲ့ပါတယ်။