အာဆီယံဥက္ကဌ မြန်မာရဖို့ မဆုံးဖြတ်ရသေး

  • 8 မေ 2011
Thein Sein ဓာတ်ပုံ မူပိုင် Reuters
Image caption အာဆီယံဥက္ကဌ တာဝန်ယူဖို့ သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့

အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ နိုင်ငံကနေ ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဌတာဝန်ယူဖို့ အဆိုပြုခဲ့ပြီး အဲဒီအဆို ပြုချက်ကိုတော့ အာဆီယံ ခေါင်းဆောင် တွေဘက်က အတည်မပြုနိုင်ခဲ့ကြပါဘူး။

၂ ရက်ကြာကျင်းပတဲ့ ၁၈ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာ မြို့တော်မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့ပါတယ်။

အစည်းအဝေးမပြီးခင် ဆုံးဖြတ်ချက်မူကြမ်းမှာတုန်းက မြန်မာအစိုးရ ကမ်းလှမ်းချက်ကို ခေါင်းဆောင်တွေက အတည်ပြုကြမယ်လို့ ဖော်ပြခဲ့ပေမယ့် နောက်ဆုံး ထွက်လာ တဲ့ အာဆီယံဥက္ကဌရဲ့ ကြေငြာချက်မှာတော့ လက်ခံဖို့ စဉ်းစားခဲ့တယ်ဆိုတဲ့ အကြောင်းပဲ ပါဝင်ပါ တယ်။

အခုလိုမျိုး မဆုံးဖြတ်နိုင်ခဲ့တဲ့ အခြေအနေဟာ မြန်မာပြည်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ထောက်ပြနေတဲ့အပေါ် အာဆီယံဘက်ကလည်း ဒီကိစ္စကို မဆုံးဖြတ်သေးပဲ ရွေ့ဆိုင်းထားတာ ဖြစ်နိုင်တယ်လို့ ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့က မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြောပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ မြန်မာနိုင်ငံဟာ ၂၀၁၄ မှာ ဥက္ကဌဖြစ်လာနိုင်ကြောင်း၊ ဒါပေမယ့် အဲဒီလို မဖြစ်ခင် မြန်မာဘက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အာဆီယံဘက်က ဖိအားပေးနိုင်ကြောင်း နဲ့ တကယ်လို့ မြန်မာက ကျင်းပရင်တောင် အနောက်နိုင်ငံတွေပါတဲ့ အစည်းအဝေးတွေဟာ မြန်မာပြည်တွင်းမှာ လုပ်ဖို့ မသေချာနိုင်ကြောင်း သူက ပြောပါတယ်။

ဒေသတွင်း အရေးများ ဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆီယံ လက်ရှိ ဥက္ကဌက အင်ဒိုနီးရှား

မြန်မာကိစ္စအပြင် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ် ပြဿနာကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် အဖြေတော့ မထွက်ခဲ့ပါဘူး။

ဆွေးနွေးပွဲအပြီး အာဆီယံ ဥက္ကဌရဲ့ ကြေညာချက်ထဲမှာတော့ အဓိက မဏ္ဍိုင်ကြီး ၃ ခုဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ အခြေခံတွေနဲ့ အာဆီယံ ကွန်မြူနတီလို့ခေါ်တဲ့ တခုတည်းသော အာဆီယံ အသိုင်းအဝိုင်းကြီး တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်ကြဖို့ ဆော်သြထားပါတယ်။

နောက်ပြီး အာဆီယံထိပ်သီးညီလာခံကနေ ပူးတွဲကြေငြာချက် ၃ ခုထုတ်ပြန်ခဲ့ရာမှာ အာဆီယံကွန်မြူနတီဖြစ်ပေါ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အဖွဲ့အစည်းတခု ထူထောင်ရေး နဲ့ ဒေသတွင်း လူမှောင်ခိုမှုတိုက်ဖျက်ရေးမှာ ပူးပေါင်း ဆောင်ရွက်ရေးဖို့ သဘောတူခဲ့ကြပါတယ်။