ကိုယ့်​နိုင်ငံ​အကျိုး​ရှိ​ဖို့ လုပ်​စရာ​ရှိ​တာ​လုပ်​ရမယ်

မြန်မာနိုင်ငံနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး ကိစ္စကို လက်ရှိ အနေအထားနဲ့ လုံးဝ မဆွေးနွေးပါဟု ဥရောပ သမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်နာ မင်းကြီး Karel De Gucht က အင်ဒိုနီးရှားနိုင်ငံမှ နာမည်ကျော် ဂျကာတာပို့စ် သတင်းစာကို ပြောကြားခဲ့တာကို မြန်မာအနေနဲ့ ဆုံးရှုံးစရာ များများ မရှိပါလို့ မြန်မာ စီးပွားရေး သုတေသီ တဦးက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျကာတာကို အစည်းအဝေး လာတက်တဲ့ သမ္မတ ဦးသိန်းစိန် ကားဖြင့် ရောက်လာစဉ်

``အီးယူက မဆွေးနွေးလည်း ဆုံးရှုံးမှု မရှိပါဘူး၊ ပြင်ဆင်ချိန်တောင် ရပါသေးတယ်`` လို့ အမေ ရိကန်ပြည်ထောင်စုရှိ အမေရိကန်တက္ကသိုလ်မှ စီးပွားရေးသုတေသီ ဦးဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာ အစိုးရသစ်လက်ထက်မှာ ကုန်သွယ်ရေး မူဝါဒ ကောင်စီ ဖျက်သိမ်းခြင်း အပါအဝင် အစိုးရ ချုပ်ကိုင်မှုများကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့တာ ရှိကြောင်း၊ အခုလိုပြုပြင်ပြောင်းလဲ မှုများကို မြန်မြန်နဲ့ များများ ရှေ့တိုး ဆောင်ရွက် သွားပါက ဥရောပ သမဂ္ဂ အနေဖြင့်လည်း အပြုသဘော ဆောင်ရွက်လာနိုင်ကြောင်းကို သူက ထောက်ပြပါတယ်။

တကယ်တော့ ဥရောပ သမဂ္ဂနဲ့ ဆက်ဆံရမှ ဆောင်ရွက်မယ်၊ အမေရိကန်က ဟိုလိုလုပ်မှ တို့က ဒီလိုလုပ်မယ်ဆိုတာမျိုး သဘော မထားဘဲ ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမယ့် ကိစ္စကို သူများတိုင်းပြည်တွေက အသိအမှတ်ပြုတာကို စောင့်စား နေစရာ မလိုဘဲ လုပ်စရာ ရှိတာကို မြန်မြန်ထက်ထက် လုပ်ရမယ်လို့ စီးပွားရေး သုတေသီ ဦးဇော်ဦးက ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။