အီဂျစ် ဘာသာရေးအကြမ်းဖက်သူတွေ စစ်ခုံရုံးတက်ရမယ်

  • 8 မေ 2011
Image caption တိုက်ခိုက်မှုတွေကြောင့် လူ ၁၂ ဦး သေဆုံးသွား ပြီး၊ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်

အီဂျစ်နိုင်ငံမှာ မနေ့ညက မူဆလင်နဲ့ ခရစ်ယာန် ဘာသာဝင်တွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့ လူ ၁၉၀ ဟာ စစ်ခုံရုံးမှာ တရား ရင်ဆိုင်ရမယ် လို့ အီဂျစ် အာဏာပိုင်တွေက ပြောကြား လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုတွေ အတွင်း လူ ၁၂ ဦး သေဆုံး သွားပြီး၊ ၂၀၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အီဂျစ် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာ သွားပါတယ်။

အစ္စလာမ်ဘာသာဘက် ကူးပြောင်းသွားတဲ့ အမျိုးသမီးတဦးကို ခရစ်ယာန် ဘာသာဝင်တွေ က ထိန်းသိမ်း ထားတယ်လို့ မူဆလင်တွေဖက်က စွပ်စွဲခဲ့တာကြောင့် အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး၊ အရေးပေါ် ဝန်ကြီးများ အစည်းအဝေးထိုင်ဖို့ အတွက် ဝန်ကြီးချုပ် အက်ဆန်ရှာရတ်ဖ်ဟာ ပင်လယ်ကွေ့ ခရီးစဉ်တခုကို ဖျက်သိမ်းလိုက်ပါတယ်။

သမ္မတမူဘာရတ်ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုံးက ရာထူးက ဖယ်ရှားခဲ့ပြီးနောက်ပိုင်း မူဆလင်နဲ့ ခရစ်ယာန် ဘာသာဝင်တွေအကြား တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွား နေခဲ့ပါတယ်။