ကေအင်ယူနဲ့ မြန်မာတပ်တွေ တိုက်ပွဲဖြစ်

  • 9 မေ 2011
Image caption ကေအင်ယူ တပ်ဖွဲ့တဖွဲ့

ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက်မိုင် ၅၀ လောက်အကွာက မောင့်ဘောထဆိုတဲ့ နေရာမှာ လှုပ်ရှားနေတဲ့၊ ကေအင်ယူ၊ ကရင်အမျိုးသားအစည်းရုံးရဲ့တပ်ရင်း၂၀၁ လက်အောက်ခံ စစ်ကြောင်းနဲ့ နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့ မြန်မာအစိုးရရဲ့ ခမရ ၃၇၂ ရဲ့စစ်ကြောင်း တကြောင်းတို့ဟာ မနေ့တုံးက မွန်းလွဲပိုင်းမှာ တွေ့ဆုံပြီး၊ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြင်သတင်းအရ နအဖဖက်က ခမရ ၃၇၂က ၆ ယောက်သေ၊ ၇ ယောက်ဒါဏ်ရာရတယ်လို့ ကေအင်ယူတပ်ရင်း ၂၀၁ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က ပြောပါ တယ်။

ကေအင်ယူဖက်က အသေအပျောက် မရှိဘူးလို့ ဆိုပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အခုရက်ပိုင်းမှာ ထိုင်း၊မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲမှာ၊မိုးဆက်တိုက်ရွာနေပေမဲ့လည်း၊ မြန်မာ အစိုးရတပ်တွေက၊ စစ်ဆင်ရေးတွေ အဆက်မပြတ် လုပ်နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ၊ထိုင်းနိုင်ငံ၊ တာခ်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အပြောအရ၊ မြန်မာအစိုးရစစ်တပ်တွေဟာ မြဝတီမြို့တောင်ဖက်က လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို တောင်ဖက်ပိုကျတဲ့ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူကြားက တောအုပ်ထဲကိုတွန်းပို့ပြီးတော့၊ နယ်မြေရှင်းလင်းရေးလုပ် နေတယ်လို့ဆိုပါတယ်။

ဒါဟာ ထိုင်းနဲ့မြန်မာနယ်စပ်တလျှောက်မှာ အထူး စီးပွားရေး ဇုံအပြင်ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့အတွက် မြန်မာဖက်က နယ်မြေရှင်းလင်းရေးလုပ်တာ ဖြစ်နိုင်တယ်လို့နယ်စပ်က၊ ကုန်သည်တွေကပြောပါတယ်။

ဒါပေမဲ့လည်း၊နှစ်ပေါင်း ၆၀ ကျော်၊ မြန်မာအစိုးရအဆက်ဆက်ကို တော်လှန်ပုန်ကန်နေတဲ့၊လူမျိုးစု လက်နက်ကိုင်တွေကို လက်ရှိအစိုးရကကော သူတို့ဖြစ်ချင်တဲ့ပုံစံမျိုးရအောင် တိုက်ခိုက်နိုင်မလားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ နယ်စပ်က၊အကဲခတ်တွေကပြောပါတယ်။