၆​၄ နှစ်​ရှိ​ပြီ ပြည်​တွင်း ငြိမ်း​ချမ်းရေး မ​ရ​သေး

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးတာဝန်ခံက မကွေးတိုင်းကို ဆင်းပြီး၊ ဒေသခံ နိုင်ငံရေးသမားတွေကို တွေ့ဆုံဆွေးနွေးခဲ့တာမှာ နိုင်ငံရေးသမားတွေက ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတည်ငြိမ်ရေး အကြောင်းတွေ ပြောခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မကွေးတိုင်းကို ဆင်းပြီး ဒေသခံနိုင်ငံရေး သမားတွေနဲ့ တွေ့ခဲ့တဲ့ လယ်ရီဒင်းဂါး(ဝဲ)

``ကျွန်မ အသက် ၆၄ နှစ်ရှိပြီ၊ ပြည်တွင်း ငြိမ်းချမ်းရေး မရတာလည်း ၆၄ နှစ်ရှိပြီ၊ နိုင်ငံရေး မတည်ငြိမ်ရင် ဘယ်သူတွေက ဘယ်လောက်ပဲ စီးပွားရေးနဲ့ အကူအညီ ပေးပေး နိုင်ငံ မထူထောင်ဘူး၊ ပြည်သူတွေလည်း အများကြီး ဆင်းရဲနေတယ်``လို့ အမေရိကန် သံရုံး တာဝန်ခံ မစ္စတာ လယ်ရီဒင်းဂါးကို ပြောခဲ့တဲ့အကြောင်း မကွေးတိုင်း NLD ပါတီ အမျိုးသမီး ခေါင်းဆောင်၊ ရေနံချောင်း NLD ဒုတိယ ဥက္ကဌ ဒေါ်ခင်စောဌေးက ဘီဘီစီကို ပြောပါတယ်။

တခါ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်တွေ ရှိတဲ့အတိုင်း ဖက်ဒရယ် ပုံစံကို အားကျမိကြောင်း၊ မြန်မာနိုင်ငံမှာလည်း အလားတူ ဖြစ်လိုကြောင်း သံရုံးတာဝန်ခံကို ပြောပြခဲ့တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေးအရ ဖိနှိပ်မှုတွေ ရှိမရှိ မေးတာကိုတော့ အရင်ကဆို အဖမ်းခံရတယ်၊ အခုနောက်ပိုင်းတော့ အဖမ်းမခံရတော့ဘူး၊ ဒါပေမဲ့ ရှေ့ဆက် လုပ်စရာ ရှိတာတွေကိုတော့ ဆက်လုပ်သွားမယ်လို့ ပြောခဲ့ကြောင်း မကွေးတိုင်း NLD အမျိုးသမီး ခေါင်းဆောင်က ဘီဘီစီကို ပြောပါတယ်။

အစိုးရသစ်နဲ့ သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတို့အပေါ် သူ့ဆီက အမြင် တောင်းခံတဲ့ အခါမှာလည်း သမ္မတသစ် ဦးသိန်းစိန်က ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ စကားမျိုး ပြောခဲ့ပေမယ့် တကယ်တမ်းမှာ နိုင်ငံရေး အကျဉ်းသားတွေတောင် မလွှတ်ပေးသေးတဲ့အတွက် အစိုးရသစ်နဲ့ သမ္မတသစ် အပေါ် ယုံကြည်မှု မရှိတဲ့အကြောင်း ပြောခဲ့တယ်လို့ ဒေါ်ခင်စောဌေးက ဘီဘီစီကို ပြောပါတယ်။

အမေရိကန်သံရုံးတာဝန်ခံ လယ်ရီ ဒင်းဂါးဟာ မကွေးတိုင်းထဲက မကွေး၊ ရေနံချောင်း၊ ချောက်မြို့တွေက ဒေသခံ NLD နဲ့ NDF ပါတီတွေက နိုင်ငံရေး သမားတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။