ဆီးရီးယားဆန္ဒပြသူတွေကို စစ်တပ်က ပိတ်ဆို့

  • 9 မေ 2011
Syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆန္ဒပြသူတွေကတော့ နောက်မဆုတ်ဘူးလို့ ဆိုနေပါတယ်

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်စ်မြို့ အနောက်ပိုင်း ဆင်ခြေဖုံးကို စစ်တပ်က ပိတ်ဆို့ထားပြီး သေနတ် ပစ်ခတ်သံ တွေလည်း ကြားရတယ်လို့ ဆီးရီးယားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အတိုက်အခံတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာတော့ အမဲရောင် မီးခိုး တိမ်တိုက်ကြီးတွေကို တွေ့နိုင်တယ်၊ အဲဒီဒေသမှာ ဆက်သွယ်ရေး တွေနဲ့ လျှပ်စစ်မီးတွေကိုလည်း ဖြတ်တောက်ထားတယ်လို့ ဖော်ပြထားပါတယ်။

Homs မြို့ထဲကို နောက်ထပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေလည်း ရပါတယ်။

ဆီးရီးယား အာဏာပိုင်တွေ အတွက် အဓိက နည်းဗျူဟာကတော့ လူတွေကို အဆက်အ သွယ်တွေ ဖြတ်တောက် ထားပြီး အစိုးရ ဆန့်ကျင်မှုတွေ ပြင်းပြင်းထန်ထန်ရှိတဲ့ မြို့တွေက လူတွေကို ခြိမ်းခြောက်ဖို့ဖြစ်တယ်လို့ ဒေသတွင်းက ဘီဘီစီ သတင်းထောက် တစ်ဦးက ပြောပါတယ်။

နောက်ပြီး ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁ သောင်းကနေ ၁ သောင်းငါးထောင် လောက်ထိ အဖမ်းခံနေရတယ်လို့ သိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တစ်အိမ်တက်ဆင်း ဖမ်းဆီးမှုတွေ လုပ်ပါတယ်။

ဒီလို လူစုခွဲတာ၊ ဆန္ဒပြသူအင်အားတွေ မစုစည်းနိုင်အောင် လုပ်တာဟာ ဒါရားမှာ အရင် စလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား စစ်တပ်ကတော့ စစ်ဆင်ရေး တွေဟာ သူတို့ အဆို လက်နက်ကိုင် အကြမ်းဖက် သမားတွေကို ပစ်မှတ် ထားတာ ဖြစ်တယ်လို့ အခိုင်အမာ ပြောနေပါတယ်။