တရုတ်ကို ကလင်တန် ပြင်းပြင်း ထန်ထန် ဝေဖန်

  • 11 မေ 2011
Hillary Clinton ဓာတ်ပုံ မူပိုင် BBC World Service
Image caption Hillary Clinton

ဒီမိုကရေစီကို ဟန့်တားဖို့ တရုတ် ကြိုးပမ်းမှု အောင်မြင်မှာ မဟုတ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောလိုက်ပါတယ်။

အာရပ် နိုင်ငံတွေက ဒီမိုကရေစီ အုံကြွမှုတွေကို တရုတ် ခေါင်းဆောင်တွေ လန့်နေပြီး တရုတ် အစိုးရဟာ သမိုင်းကို တားဖို့ ကြိုးစား နေတာသာ ဖြစ်တယ်လို့ မစ္စ ကလင်တန်က ဒီစီမှာ တရုတ် ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံတုန်းမှာ ပြောခဲ့ပါတယ်။

တရုတ် အမေရိကန် ဆက်ဆံရေး ခိုင်မာအောင် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ရမဲ့ အချိန်မှာ ဟီလာရီ ကလင်တန်ရဲ့ ပြောကြားချက်က အများကို အံ့အားသင့်စေပါတယ်။

တရုတ် အစိုးရက ထင်ရှားတဲ့ အစိုးရ ဆန့်ကျင်ရေး သမားတွေကို မကြောသေးခင် သီတင်းပတ်တွေ အတွင်းမှာ ဖမ်းဆီးခဲ့မှုကို အမေရိကန်က တခြား ခေါင်းဆောင် တွေကလည်း ဝေဖန်ခဲ့ပါတယ်။

တရုတ် ကိုယ်စားလှယ်တွေနဲ့ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြတယ်လို့ မစ္စ ကလင်တန်က ပြောသွားပါတယ်။

ဒီဆွေးနွေး ခဲ့တဲ့ အကြောင်း အရာတွေထဲမှာ လူ့အခွင့်အရေး ကိစ္စ၊ မြောက်ကိုရီးယားနဲ့ အီရန် ကိစ္စ၊ ကမ္ဘာ့ စီးပွားရေး ချိန်ခွင်လျှာ မျှမျှတတ ဖြစ်လာအောင် လုပ်ဆောင်ဖို့ ကိစ္စတွေလည်း ပါဝင်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေ ရှိတယ် လို့လည်း ဟီလာရီ ကလင်တန်က ပြောသွားပါတယ်။

အမေရိကန်ရဲ့ မဟာ ဗျူဟာက အာရှ အလယ်ပိုင်းကနေ အာရှ ပစိဖိတ် ဒေသကို လှည့်လာမှာကို တရုတ်က စိုးရိမ်သလို တဘက်မှာ တရုတ်က စီးပွားရေး၊ စစ်ရေး အရ အင်အား တနေ့ တခြား ကြီးထွား လာနေတာကိုလည်း အမေရိကန်က စိုးရိမ်နေတယ်လို့ ဘီဘီစီ သတင်းထောက်တွေက မှတ်ချက် ပေးထားပါတယ်။