ပါကစ္စတန် ထောက်လှမ်းရေးမှူးချုပ် နှုတ်ထွက်ဖို့ ကမ်းလှမ်း

ISI chief
Image caption ႈISI အကြီးအကဲ ဗိုလ်ချုပ်ကြီး ပါရှာ

အိုစမာ ဘင်လာဒင် သေသွားပြီ ဖြစ်ပေမဲ့ သူနဲ့ပတ်သက်တဲ့ ဂယက်တွေကတော့ ကြီးကြီးမားမား ကျန်ရစ်နေပါသေးတယ်။

ဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲက အဘာတာဘတ်မြို့ထဲက အိမ်ကြီးတအိမ်မှာ ပုန်းနေတာကို အမေရိကန်တွေက သိပြီး အထူးတပ်တွေက ရဟတ်ယာဉ်တွေနဲ့ ဝင်တိုက်ပြီး သတ်လိုက်ကြပြီးတဲ့နောက် ဘင်လာဒင် သူတို့နိုင်ငံထဲမှာ ရှိနေတာ ပါကစ္စတန် ထောက်လှမ်းရေးက မသိခဲ့ဘူးလား၊ ဘာကြောင့်မသိရတာလဲ ဆိုတဲ့ မေးခွန်းတွေကို ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှုဂျာ ပါဂျာဟာ မနေ့က ပါလီမန်ထဲကို ရောက်လာပြီး အမတ်တွေကို ဖြေကြားခဲ့ရပါတယ်။

ထောက်လှမ်းရေးဖက်က ဘာတွေလိုအပ်ချက်ရှိခဲ့သလဲဆိုတဲ့ မေးခွန်းတချို့ကို တော့ သူက မဖြေပဲနေခဲ့ပါတယ်။

မေးခွန်းတွေဟာ ပြင်းထန်လွန်းလို့ တကြိမ်မှာ ဗိုလ်ချုပ်ကြီးက သူ့ကို ရန်သူလို ဝိုင်းပြီး ဆက်ဆံ နေကြတယ်လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

ထောက်လှမ်းရေးမှူးချုပ်က ရာထူးက နှုတ်ထွက်စာလဲ တင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီလို နှုတ်ထွက်ဖို့ကို စစ်တပ်ဦးစီးချုပ်ကတော့ လက်မခံသေးဘူးလို့ သိရပါတယ်။

တကယ်တော့ ဘင်လာဒင် ကိစ္စဟာ ပါကစ္စတန်အစိုးရကို အကြီးအကျယ် အရှက်ရစေသလို လူထုကြားမှာလဲ အကြီးအကျယ်ဒေါသထွက်စေခဲ့တယ်လို့ စစ်ရေးသုံးသပ်သူ ဗိုလ်ချုပ်ကြီးဟောင်း တာလတ် မာဆွတ်က ဘီဘီစီကို ပြောပါတယ်။

"အမေရိကန် ရဟတ်ယာဉ်တွေ ပါကစ္စတန် နိုင်ငံထဲဝင်လာပြီး နှစ်နာရီလောက်နေသွားတာ ကျွန်တော်တို့ စစ်တပ်က ဘာမှ မသိလိုက်ကြဘူး၊ တကယ်လို့သာ အိန္ဒိယက ဒီလို အခွင့်ကောင်းယူပြီး ဝင်လာမယ်ဆိုရင် နိုင်ငံကို ဘယ်လို ကာကွယ်ကြမှာလဲ"

အစ္စလမ္မဘတ်က ဘီဘီစီသတင်းထောက်ကတော့ သြဇာကြီးတဲ့ ထောက်လှမ်းရေးမှုးချုပ် ပါလီမန်ထဲမှာ အမတ်တွေရဲ့ စစ်မေးချက်ကို လာဖြေရတာ အရင်ကဆို ကြားတောင် မကြားဘူးတဲ့ အဖြစ်ပါလို့ ဆိုပါတယ်။ အဲဒီလောက် နိုင်ငံရဲ့ စစ်ရေး နိုင်ငံရေး နိုင်ငံခြားရေး မူဝါဒတွေကို စစ်တပ်က လွှမ်းမိုး ထိမ်းချုပ်ထားတာပါ၊

အခုတော့ ပါလီမန်ထဲမှာ အတိုက်အခံအမတ်တချို့က စစ်တပ်က နိုင်ငံအရေးမှာ ဦးဆောင်နေရာက မရှိတော့ဘူးဆိုတာ ဝန်ခံပါလို့တောင် ထောက်လှမ်းရေး ဗိုလ်ချုပ်ကို အတင်း ဝိုင်းပြောခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်တွေအားလုံးဟာ တော်တော်လေး ထူးခြားတယ်လို့ ပြောနိုင်ပေမဲ့ သွေးဆူနေတဲ့ လူထုကို နှစ်သိမ့်ဖို့ ဟန်ပြလုပ်ရပ်လား၊ တကယ်ပဲ စစ်တပ်အတွင်း ထောက်လှမ်းရေးအဖွဲ့အတွင်း အရေးယူရတဲ့ အပြောင်းအလဲတွေ တွေ့လာရမှာလားဆိုတာ မသိနိုင်သေးဘူးလို့ ဘီဘီစီ သတင်းထောက် အာလီ မက်ကဘူးလ်က ပြောပါတယ်။