တာလီဘန် ကူညီမှုနဲ့ ခြောက်ယောက်ကို အရေးယူ

  • 15 မေ 2011
Pakistan ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘင်လာဒင် စီးနင်းမှု ပါကစ္စတန် လွှတ်တော် ပြစ်တင် ရှုံချ

ပါကစ္စတန်က တာလီဘန်တွေကို ငွေကြေး ထောက်ပံ့မှုနဲ့ အမေရိကန် နိုင်ငံသား သုံး ယောက် အပါအဝင် လူခြောက်ယောက်ကို အမေရိကန် အာဏာပိုင်တွေက တရားစွဲ လိုက်ပါပြီ။

အမေရိကန် နိုင်ငံသား သုံးယောက်ထဲမှာ ဖလော်ရီဒါ ပြည်နယ်က မွတ်စလင် တရားဟော ဆရာ နှစ်ယောက် ပါဝင်ပြီး သုံးယောက်စလုံး ဟာ သားအဖတွေ ဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ် ဟာဖစ်ဇခမ်း ဆိုသူနဲ့ အသက် ၃၇ နှစ်နဲ့ ၂၄ နှစ်အရွယ် သား နှစ်ယောက် ဖြစ်ပြီး ပါကစ္စတန်က သုံးယောက်ကတော့ ခုထိ လွတ်နေပါသေးတယ်။

ဖလော်ရီဒါ တောင်ပိုင်း ခရိုင် ရှေ့နေက တရားစွဲတာ ဖြစ်ပြီး တရားခံတွေဟာ တာလီဘန် တွေကို အမေရိကန် ဒေါ်လာ အမြောက်အမြား လွှဲပေးခဲ့တယ်လို့ ရှေ့နေက ဆိုပါတယ်။

မနေ့က တရက်ထဲမှာဘဲ ပါကစ္စတန် လွှတ်တော် အမတ်တွေက ဘင်လာဒင် ပုန်းနေတဲ့ အိမ်ကို အမေရိကန် အထူးတပ်တွေ ဝင်စီးမှုကို ပြစ်တင် ရှုံ့ချတဲ့ ပြဌာန်း ဆုံးဖြတ်ချက်ကို မဲခွဲ ဆုံးဖြတ်ခဲ့ပြီး အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ အစိုးရကို တောင်းဆို ခဲ့ပါတယ်။

အမေရိကန်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ ပါကစ္စတန်ရဲ့ အချုပ်အချာ အာဏာကို ထိပါး ကျူးလွန် တဲ့ လုပ်ရပ်လို့ ပါကစ္စတန် လွှတ်တော်က သတ်မှတ်ပြီး ဒီလို လုပ်ရပ်မျိုးကို ပါကစ္စတန် ပြည်သူတွေက သီးခံတော့မှာ မဟုတ်ဘဲ အမေရိကန် အနေနဲ့ ခုလို ကိုယ့်သဘောနဲ့ ကိုယ်လုပ်နေရင် ဒေသတွင်းနဲ့ တကမ္ဘာလုံးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး တွေကို ထိခိုက်စေလိမ့်မယ်လို့ ပါကစ္စတန် လွှတ်တော်ရဲ့ ပြဌာန်း ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ပြီးတော့ အမေရိကန်က ပါကစ္စတန် နိုင်ငံထဲကို မောင်းသူမဲ့ လေယဉ်တွေနဲ့ တိုက်ခိုက် နေတာတွေ မရပ်ဘူးဆိုရင် နေတိုး အဖွဲ့ရဲ့ ပါကစ္စတန်နဲ့ ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို မလုပ်နိုင်အောင် ပိတ်ပင်မယ်လို့ ဆိုပါတယ်။

အမေရိကန် ဘက်ကတော့ ပါကစ္စတန်ကို မကြာခင် သွားဖို့ ရှိတဲ့ အထက် လွှတ်တော် အမတ် ဂျွန်ကယ်ရီက အမေရိကန်ဟာ ပါကစ္စတန်နဲ့ ဆက်ဆံရေး မပျက်ချင်ဘူး၊ ဆက်ဆံရေး တည်ဆောက်ချင်တယ်လို့ ပြောပြီး ပါကစ္စတန် အစိုးရ အနေနဲ့ ရှင်းပြစရာတွေ ရှိနေ သေးတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံထဲမှာလည်း ပါကစ္စတန်ကို နှစ်စဉ် ပေးနေတဲ့ ဒေါ်လာ သန်းထောင်ချီတန် အထောက် အပံ့တွေကို လျှော့ချဖို့ အမေရိကန် လွှတ်တော် အမတ်တွေက တောင်းဆိုလိုက်ပြီး ပါကစ္စတန် အာဏာပိုင်တွေဟာ ဘင်လာဒင် ပုန်းနေတာကို သိကို သိရမယ်လို့ အမေ ရိကန်တွေက ယုံကြည်နေပါတယ်။

ဘင်လာဒင် သေသွားပြီ ဖြစ်ပေမယ့် တာလီဘန် ခေါင်းဆောင် မူလာ အိုမားကတော့ လွတ်နေဆဲ ဖြစ်ပြီး သူဟာ ပါကစ္စတန် နိုင်ငံထဲမှာ ရှိနေတယ်ဆိုရင် အမေရိကန်ဘက်က သူ့ တိုင်းသူ ပြည်သားတွေကို ကာကွယ်ဖို့ နည်းလမ်း ပေါင်းစုံကို အသင့် ပြင်ထားတယ်လို့ ဂျွန်ကယ်ရီက ပြောခဲ့ပါတယ်။