အမေရိကန်နဲ့ဆက်ဆံရေး ပါကစ္စတန် ပြန်သုံးသပ်မယ်

  • 14 မေ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ပါလီမန်အစည်းအဝေးကို ဗိုလ်ချုပ်ကြီးတွေပါ တက်ရောက်ခဲ့

အမေရိကန် ကိုမန်ဒိုတွေက အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲမှာ စီးနှင်းသတ်ဖြတ်ခဲ့ပြီးနောက် ပါကစ္စတန် အစိုးရ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ ပါကစ္စတန် ပါလီမန်က တညီတညွတ်ထဲ တောင်းဆိုလိုက်ပါတယ်။

ပါကစ္စတန်ပိုင်နက်ထဲကိုဝင်ပြီး အမေရိကန်တို့က မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ လုပ်နေတာကို အဆုံးသတ်ဖို့ကိုလည်း ပါလီမန် က တောင်းဆိုခဲ့ပါတယ်။

နောက်ပြီး ပါကစ္စတန်နယ်မြေကို ဖြတ်ပြီး အာဖဂန်မှာရှိတဲ့ နေတိုး တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးပစ္စည်တွေပို့နေတာကို တားဆီးဖို့ အတွက်လည်း ပါကစ္စတန်အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ ပါလီမန်က ပြောပါတယ်။

ပါကစ္စတန်မြေထဲကို ဝင်ရောက်ပြီး အိုစမာဘင်လာဒင်ကို သတ်ပစ်လိုက်တာဟာလည်း ပါကစ္စတန်နိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်စိုးမှုကို ချိုးဖေါက်ရာ ရောက်တယ်ဆိုပြီး ပါလီမန်က ဝေဖန်ရှုတ်ချလိုက်ကာ ဒီကိစ္စပေါ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဘင်လာဒင် အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပါကစ္စတန် ပါလီမန်ရဲ့ ဆုံးဖြတ်ချက်တွေ ထဲမှာ၊ အဲဒီ အယ်ခါယီဒါ ခေါင်းဆောင်ဟာ ပါကစ္စတန်နိုင်ငံထဲမှာ နေထိုင်ခဲ့တယ် ဆိုတာကို တလုံးမှ ထည့်မပြောခဲ့ပါဘူး။

အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးကိုသာ အဓိက ပြောခဲ့ကြပါတယ်။ အခုချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ အမေရိကန်စစ်ဆင်ရေးကို၊ ပါကစ္စတန်အပေါ် မသမာတဲ့လုပ်ရပ် "campaign to malign" လို့ သုံးနှုန်းပြီး အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

ပါကစ္စတန်အစိုးရကလည်း ပါကစ္စတန်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် မဝေဖန်တဲ့အပြင်၊ သူတို့အပေါ် လုံးဝယုံကြည်စိတ်ချတဲ့ အကြောင်းသာ ပြောခဲ့ပါတယ်။

တံခါးပိတ် အစည်းဝေးကိုတက်ခဲ့ကြတဲ့ အမတ်တွေထဲမှာ ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီးပါရှာဟာ လွှတ်တော်ရှေ့မှောက်ကို ရှားရှား ပါးပါးလာရောက် ဖြေရှင်းခဲ့ရတာ ဖြစ်တဲ့တွက် သူ့အတွက်တော့ ခက်ခဲတဲ့ အချိန်တခု ဖြစ်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် အလီမက်ဘူးက ပြောပါတယ်။