ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကဒါဖီကိုစွဲချက်တင်

  • 16 မေ 2011
တရားလိုရှေ့နေချုပ် အိုကမ်ပို
Image caption တရားလိုရှေ့နေချုပ် အိုကမ်ပို

လစ်ဗျားနိုင်ငံထဲမှ အရေးကြီးတဲ့ ကိစ္စတွေကို အတွင်းကျကျ သိသူနဲ့ မျက်မြင်သက်သေ ၅၀နဲ့ စာရွက် စာတမ်းပေါင်း တထောင်ကျော်ကို လေ့လာတွေ့ရှိချက်အရ လက်နက်မဲ့ လစ်ဗျားပြည်သူတွေကိုတိုက်ခိုက်ဖို့ ဗိုလ်မှူးကြီး ကဒါဖီကိုယ်တိုင် အမိန့်ပေးတဲ့ အထောက်အထားတွေ ရှိတယ်လို့ ICCအမှုလိုက် ရှေ့နေချုပ် အိုကမ်ပိုက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဒီလိုကျူးလွန်ရတာ ကတော့သူ့ရဲ့ အာဏာရှင် စံနစ်တည်မြဲဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။သူ့ရဲ့ဒုတိယသား Saif al-Islam ကလည်း ဝန်ကြီးချုပ်တာဝန်မျိုး ယူထားပြီး ညာလက်ရုံးဖြစ်တဲ့ ယောက်ဖတော်စပ်သူ စစ်ထောက်လှမ်းရေး အကြီးအကဲကိုယ်တိုင်လည်း လူထုကို တိုက်ခိုက်နှိမ်နင်းဖို့ အမိန့်ပေးတဲ့ အထောက်အထား တွေရှိတယ်လို့ သိရပါတယ်။

အခုစွပ်စွဲချက်တွေကိုစုံစမ်းပြီး ကဒါဖီနဲ့သူ့လူ၂ယောက်ကို လူသားတွေ အပေါ်ရက်ရက်စက်စက် ကျူးလွန်တဲ့ ပစ်မှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ICC တရားသူကြီးတွေက ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။

လစ်ဗျားအစိုးဖက်ကတော့ICCရဲ့စွပ်စွဲချက်တွေကိုလစ်လျူရှုမယ်လို့ ပြောပါတယ်။ အာဖရိကတိုက်က ခေါင်းဆောင်တွေကို အရေးယူဖို့ ဒီခုံရုံးကိုဥရောပသမဂ္ဂက ပုံစံထုတ်ထားတာ ဖြစ်လို့ သူတို့လုပ်ရပ်တွေဟာ မေးခွန်းထုတ်စရာရှိတယ်လို့ လစ်ဗျားဒုတိယနိုင်ငံခြားရေးဝန်ကြီးကတုန့်ပြန်ပါတယ်။

အခုလိုICCရဲ့ ကြေညာချက်ကြောင့်လစ်ဗျား ပဋိပက္ခ ပိုရှုပ်ထွေးမှာကိုစိုးရိမ်မှု တချို့လည်းရှိနေတဲ့အကြောင်း ထရီပိုလီရှိ ဘီဘီစီသတင်းထောက်ကပြောပါတယ်။