IMF အကြီးအကဲ တရားရုံးထုတ်

  • 16 မေ 2011
Dominique ဓာတ်ပုံ မူပိုင် AFP
Image caption IMF အကြီးအကဲ Dominique Strauss-kham

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ရဲ့ အကြီးအကဲ Dominique Strauss-khan ဟာ တနင်္လာနေ့က နယူးယောက် မြို့က တရားရုံးမှာ စစ်ဆေးခံဖို့ ရောက်ရှိလာဖို့ ရှိပါတယ်။

ဒိုမိနစ် စထရောက်စ် ခန်းန်ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက သူတည်းခိုတဲ့ ဟိုတယ် အတွင်းမှာ ဟိုတယ် အမျိုးသမီး ဝန်ထမ်းတဦးကို အဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့ တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး နယူးယောက်မြို့မှာ မှုခင်းဆေးပညာဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ကို သူက သဘောတူလိုက်ပါပြီ။ သူ့ရဲ့ ရှေ့နေကတော့ မစ္စတာ စထရောက်စ် ခန်းန် အနနေနဲ့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်သွားမယ်လို့ ဆိုကြောင်းပြောပါတယ်။

မစ္စတာ စထရောက်စ်ခန်းန် ဟာ လာမယ့် ပြင်သစ် ရွေးကောက်ပွဲမှာ သမ္မတ အဖြစ် အရွေးခံရဖို့ သတင်းပြေးနေသူတွေထဲက တယောက်ဖြစ်ပါတယ်။

IMF ရဲ့ အခန်းကဏ္ဍ

ဓာတ်ပုံ မူပိုင် none

တကယ်တော့ မစ္စတာ Strauss-Khan လက်အောက်မှာ IMF အဖွဲ့ရဲ့ အခန်းကဏ္ဍ အကြီးအကျယ် မြင့်တက်လာခဲ့ပါတယ်။

ဒီ အဖွဲ့ကို ၂၀၀၇ ခုနှစ်က သူရောက်တော့ IMF ဟာ ယုံကြည်ကိုးစားလောက်တဲ့ ကမ္ဘာ့ အဖွဲ့ အစည်း အဖြစ်ကနေ လျော့ကျသွားမယ့် အန္တရာယ်မျိုး ရှိနေခဲ့တာပါ။

အဲဒီနောက် ဘဏ္ဍာရေး အကြပ် အတည်းကြီးက ဖြစ်ပြီးတော့ အခက်အခဲတွေ့နေတဲ့ နိုင်ငံတွေကို ကူညီပံ့ပိုး ပေးနိုင်ဖို့ IMF ရဲ့ ရန်ပုံငွေ သုံးဆ တိုးမြင့် ပေးကြဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေကို မစ္စတာ Strauss-Khan နားချခဲ့ပါတယ်။

ဒါတင်မက ယူရို ငွေကြေးသုံး နိုင်ငံတွေမှာ ရင်ဆိုင်ရတဲ့ ပြဿနာ တွေကို ထိန်းချုပ် နိုင်ဖို့ အရေးကို ကြိုးပမ်း ဆောင်ရွက်ရာမှာလည်း သူက အဓိက အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

လောလောဆယ်တော့ IMF အဖွဲ့ရဲ့ အကြီးအကဲ အဖြစ် Wall Street နောက်ကြောင်း ရှိခဲ့ပြီး IMF အဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ မစ္စတာ Strauss-Khan ရဲ့ လက်ထောက် John Lipsky က တာဝန်ယူ ထားပါတယ်။

ဘဏ္ဍာရေး အကြပ်အတည်း မဖြစ်ခင်က IMF ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ဆင်းရဲ မွဲတေမှု လျှော့ချရေး အစီအစဉ်တွေနဲ့ ကူညီပေးခဲ့ပါတယ်။ မကြာသေးခင်ကတော့ အိုင်ယာလန်၊ Iceland နဲ့ Greece တို့လို ချမ်းသာတဲ့ နိုင်ငံတွေကလည်း IMF ရဲ့ အကူအညီကို ရယူခဲ့ကြရပါတယ်။