ဘုရင်မကြီးရဲ့ သမိုင်းဝင် အိုင်ယာလန် ခရီးစဉ်

  • 17 မေ 2011

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ က အိုင်ယာလန် နိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးတဲ့နောက် ဗြိတိသျှ ထီးနန်းစိုးစံသူ ဘုရင် တစ်ပါးရဲ့ ပထမဆုံး ခရီးစဉ် အဖြစ် အဲလစ် ဇဘက် ဘုရင်မကြီးရဲ့ လေးရက်ကြာ အိုင်ယာလန် ပြည်ထောင်စု ခရီးစဉ် စတင်လိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption ဘုရင်မကြီးကို အိုင်ယာလန် သမ္မတက သူ့ နေအိမ်မှာ ကြိုဆို

အိုင်ယာလန်ကို ဘုရင်မကြီး ရောက်လာခင် နာရီပိုင်း အလိုမှာပဲ သူသွားမယ့် ခရီးစဉ်ထဲမှာ ပါတဲ့ အိုင်ယာလန်က နေရာ တစ်ခုမှာ ဗုံးတစ်လုံးကို စစ်တပ်က စနက်တံ ဖြုတ် ရှင်းလင်းခဲ့ရပါတယ်။

ဗုံးအထိတ် တလန့် ဖြစ်ခဲ့ရလို့ လုံခြုံရေး တွေလည်း ထပ်တိုးချထား ပါတယ်။

အခုလို ဗုံး တွေ့ရှိခဲ့တာနဲ့ အိုင်ယာလန်သမိုင်းမှာ အကြီးမားဆုံး လုံခြုံရေးတွေ ချထား တာကို ကြည့်ရင် အိုင်ယာလန် နိုင်ငံမှာ အရင်ကလို ဗြိတိသျှ အစိုးရကို အကြမ်းဖက် ဆန့်ကျင် တိုက်ခိုက်နေတဲ့ အိုင်ယာလန် ရီပတ်ပလင်ကင် လက်နက်ကိုင် တွေရဲ့ ရန်က မအေး သေးဘူးလို့ ပြောရမှာပါ။

ဘုရင်မကြီးရဲ့ လေးရက်တာ ခရီးစဉ်အတွင်း ဒပ်ဘလင် မြို့တော် ကိုသာမက တခြား နေရာ ၁၁ ခုလောက်ကို သွားဖို့ ရှိပြီး အခု ဗုံးတွေ့တဲ့ နေရာ ကတော့ ဘုရင်မကြီး သွားမယ့် ကေဒဲလ်နယ်က မေနုသ် မြို့ပြင်က ဘတ်စ်ကား ထဲမှာ ဖြစ်ပါတယ်။

အိုင်ယာလန်နဲ့ ဗြိတိန်တို့ နှစ်နိုင်ငံကြားမှာ အရှည်လျားဆုံး သမိုင်း ဆက်နွယ်မှု ရှိသလို အခက်ခဲဆုံး ဆက်ဆံရေးတွေ လည်း ရှိခဲ့ကြ ပါတယ်။

အခု ဘုရင်မကြီး အဲလစ် ဇဘက်ရဲ့ ခရီးစဉ်က နှစ်ပေါင်း တစ်ရာ အတွင်း ဗြိတိန် နန်းတွင်း ကနေ ပထမဆုံး သွားတဲ့ ခရီးစဉ်မို့ ထူးခြားတယ်လို့ ဆိုရ မှာပါ။

နောက်ဆုံး သွားခဲ့တာက ဘုရင်မကြီးရဲ့ အဘိုး ဂျော့ဘုရင် ၅ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်တွေ အတွင်း အိုင်ယာလန်ဟာ ဗြိတိသျှ အစိုးရဆီက လွတ်လပ်ရေး မရခင် အချိန်တွေ တုန်းကတော့ ဗြိတိသျှ ဘုရင် ဘုရင်မ တွေဟာ ကိုယ့်ရဲ့ နယ်မြေကို တိုင်းခန်း လှည့်လည် ကြည့်ရှုတဲ့ အနေနဲ့ သွားခဲ့ကြ ပါတယ်။

အခု ခရီးစဉ်မှာတော့ နှစ်နိုင်ငံ ချစ်ကြည်ရေး အဖြစ်နဲ့သာ သွားရောက် တာပါ။

နောက်ထူးခြားမှု တစ်ခုကတော့ ဗြိတိသျှ ဘုရင်မကြီးဟာ အိုင်ယာလန် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရင်း သေကြေ ခဲ့ကြရသူတွေ အတွက် အထိမ်း အမှတ် ပန်းခြံ ကို သွားပြီး ပန်းခွေ လည်း ချမယ့် ကိစ္စပါ။

ဘုရင်မကြီးဟာ အိုင်ယာလန် သမ္မတ မက် အလီဆီရဲ့ ဖိတ်ကြား မှုကြောင့် သွားရောက်တာ ဖြစ်ပြီး အိုင်ယာလန် သမ္မတကတော့ ဒီခရီးစဉ်ဟာ အတိတ် ကာလတွေနဲ့ မတူတော့တဲ့ အလွန် ထူးခြားတဲ့ အနာဂတ်သစ် တစ်ခု ဖန်တီးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘုရင်မကြီး ခရီးစဉ်ရဲ့ ဒုတိယနေ့မှာ ဗြိတိသျှ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့လည်း ပူးတွဲ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒပ်ဘလင် မြို့ခံတွေ ထဲမှာ လည်း ဘုရင်မကြီးရဲ့ ခရီးစဉ်ကို ကြိုဆို ကြသူတွေ ရှိပါတယ်။

မြောက်ပိုင်း အိုင်ယာလန် ဟာ ဗြိတိန် နိုင်ငံရဲ့ အစိတ် အပိုင်း အဖြစ်ဆက်လက် ရှိနေသေးတာကို ဆန့်ကျင်ကြတဲ့ ရီပတ်ဘလစ်ကန် တို့ကတော့ ဆန္ဒပြပွဲတွေ လုပ်ဖို့ စီစဉ် နေကြ ပါတယ်။