ဆီးရီးယား စစ်တပ်က ဒုက္ခသည်တွေကို ပစ်ခတ်

  • 18 မေ 2011
Syria border ဓာတ်ပုံ မူပိုင် Reuters
Image caption နယ်စပ်မှာ ဆီးရီးယား တပ်တွေ စောင့်ကြပ်နေ

ထောင်နဲ့ ချီတဲ့ ဆီးရီးယား နိုင်ငံသား တွေဟာ နယ်စပ် အနီး တယ်လ် ခလာ့ မြို့က အကြမ်းဖက် နှိမ်နင်းမှု ဒဏ်တွေကို မခံနိုင်လို့ လက်ဘနွန် နိုင်ငံဘက်ကို ထွက်ပြေး နေရာမှာ လုံခြုံရေး တွေက သေနတ်နဲ့ ပစ်ခတ် နှိမ်နင်း နေတယ်လို့ ထွက်ပြေး လာသူ တချို့က ဆိုပါတယ်။

ဆီးရီးယား စစ်တပ်ဟာ သံချပ်ကာ ကားတွေနဲ့ မြို့ထဲကို ရောက်လာသလို သူတို့နဲ့ အတူ လက်နက် အပြည့် တပ်ထားတဲ့ အရပ်သား တွေလည်း ပါဝင် ကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အမျိုးသမီးတစ်ဦး ပြောပြတာက သူ့နဲ့ဆွေမျိုး တော်စပ်တဲ့ နောက်အမျိုးသမီးတစ်ဦးဟာ ထွက်ပြေးဖို့ လုပ်နေတဲ့အချိန်မှာပဲ နွားကျန်ခဲ့တာကို သွားဆွဲတုန်း ခေါင်းကို အပစ် ခံရတယ်လို့ ပြောပါတယ်။

နောက်အမျိုးသမီး တစ်ဦးကလည်း သူ့ရဲ့ အကိုကို မနေ့တုန်းက ပစ်သတ် ခံခဲ့ရပြီး အခုချိန်ထိ မသင်္ဂြိုဟ် ရသေး ပါဘူး။

သူတို့တွေဟာ လွတ်လပ်မှုကိုပဲ လိုချင်တယ်၊ တခြားဘာမှ မလိုချင်ပါဘူးလို့ နောက် အမျိုးသမီး တဦးက ပြောပါတယ်။

ဆီးရီးယား အာဏာပိုင်တွေ ဘက်က ပြောတာ ကတော့ အခု ပစ်ခတ် သူတွေဟာ အစိုးရ စစ်တပ် မဟုတ်ပဲ လက်ဘနွန် ဘက်ကနေ ဆီးရီယား ထဲကို ဝင်လာတဲ့ လက်နက်ကိုင် ဂိုဏ်းအဖွဲ့ တွေသာ ဖြစ်တယ်လို့ အစိုးရ သတင်း အေဂျင်စီ တွေမှာ ဖော်ပြ ပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေ ပြောတာနဲ့တော့ တခြားစီ ဖြစ်နေ ပါတယ်။ ဒုက္ခသည်တွေကတော့ ဆီးရီးယား စစ်တပ်မှာ တာဝန် ရှိတယ်လို့ ပြောပါတယ်။

နောက်ပြီး ဆီးရီးယားက သူတို့ရဲ့ နေအိမ်တွေကို ဘယ်တော့ ပြန်သွားနိုင်မယ် ဆိုတာ ဘယ်လိုမှ မသိနိုင် သေးဘူးလို့ ဆိုပါတယ်။

တချိန်တည်း မှာပဲ လက်ဘနွန်က ပရဟိတ အဖွဲ့တွေ ကလည်း ဒုက္ခသည် တွေကို အစားအစာ နဲ့ ဆေးဝါးတွေ ပေးဝေ နေပါတယ်။

နောက်ပြီး နယ်စပ်မှာ ရှိတဲ့ လက်ဘနွန် ဒေသခံ တွေက သူတို့ရဲ့ အိမ်တွေကို ဖွင့်ထား ပေးပြီး ညပိုင်းမှာ နားခိုစရာ အဖြစ် ပေးထား ကြပါတယ်။

ဒေသခံ အမျိုးသမီး တစ်ဦးဆိုရင် သူ့အိမ်မှာ ဒုက္ခသည် ၁၅ ဦး ရှိနေပြီး ဘုရားသခင်ရဲ့ အဆုံးအမကြောင့် သူတို့ကို လမ်းပေါ်မှာ ပစ်မထား နိုင်ဘူးလို့ ပြောပါတယ်။