IMF အကြီးအကဲ နှုတ်ထွက်ပြီ

  • 19 မေ 2011
DSK ဓာတ်ပုံ မူပိုင် Reuters
Image caption ထောင်ထဲ ရောက်နေတဲ့ Mr Strauss-Kahn ကသူ့မှာ အပြစ်မရှိဘူး လို့ ဆိုပါတယ်။

IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ရဲ့ အကြီးအကဲ Dominique Strauss-Kahn ဟာ ရာထူးက နှုတ်ထွက် လိုက်ပြီ ဖြစ် ပါတယ်။

"အတိုင်းအဆ မရှိတဲ့ ဝမ်းနည်းမှုနဲ့ အတူ ကျွန်တော် တာဝန်ယူနေတဲ့ IMF ဦးဆောင် ညွှန်ကြားရေးမှူး ရာထူးကနေ နှုတ်ထွက်လွှာကို အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဆီ တင်သွင်း လိုက် ပါတယ်" လို့ မစ္စတာ Strauss-Kahn က ထောင်ထဲကနေ ဖတ်ပြ အသံ သွင်းထားတဲ့ သူ့ရဲ့ နှုတ်ထွက်စာမှာ ပြောထား ပါတယ်။

သူ့အနေနဲ့ အပြစ် မရှိဘူး ဆိုတာကို ရှိသမျှ ခွန်အားနဲ့ သက်သေ ပြပါမယ် လို့လည်း သူက ဆိုခဲ့ပါတယ်။

ဟိုတယ်ဝန်ထမ်း အမျိုးသမီးတဦးက သူ့ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားပါတယ် ဆိုပြီး စွပ်စွဲ ခဲ့တဲ့နောက် မစ္စတာ Strauss-Kahn ဟာ နယူးယောက်မြို့ အကျဉ်းထောင်မှာ အဖမ်း ခံနေရတာ ဖြစ်ပါတယ်။

သူ့ကို အာမခံ ပေးဖို့လည်း ငြင်းဆို ခံထားရပြီး၊ သူ့ရှေ့နေ တွေကတော့ သူဘယ်မှာ ရှိသလဲဆိုတာကို သိနိုင်မယ့် အီလက်ထရောနစ် လက်ပတ် တပ်ဆင်တာ အပါအဝင် တင်းကြပ်တဲ့ စည်းကမ်းချက် တွေနဲ့အတူ ဒေါ်လာ တသန်းတန် အာမခံ ရဖို့အတွက် နောက်ထပ် တရားသူကြီး တဦးကို ကြာသပတေး နေ့မှာ လျှောက်ထားမယ် လို့ဆိုပါတယ်။

အမေရိကန်မှာ ရှိတဲ့ ပိုင်ဆိုင်မှု တွေနဲ့ မိသားစု ဆက်နွယ်မှုတွေ အရ မစ္စတာ Strass-Kahn ဟာ ထွက်ပြေးဖို့ အခွင့်အလမ်း နည်းတယ်လို့ တင်ပြမှာ ဖြစ်ကြောင်း ရှေ့နေ တွေက ပြောပါတယ်။

သူနှုတ်ထွက်သွာပြီး နာရီပိုင်းအကြာမှာဘဲ၊ သူ့နေရာကို ဘယ်သူ ဆက်ခံမလဲ ဆိုတာကိုဝိုင်းပြီး အာရုံ စိုက်နေ ကြပါတယ်။

ဒီနေရာကို ဆက်ခံသူဟာ ဥရောပ တိုက်သားဘဲ ဖြစ်သင့် တယ်လို့ ဥရောပ နိုင်ငံတွေက တောင်းဆို နေကြပါတယ်။