သမိုင်းဦး လူသားတွေ ဘာကြောင့် မတ်မတ် စရပ်

Evolution
Image caption မြေကြီးကို ငုံ့ကြည့်ရာက မိုးကို ဦးမော့လာကြ

ဟိုး နှစ်ပေါင်း သန်းချီပြီး ရှိခဲ့တုန်းက သမိုင်းဦးလူတွေ ဟာ ရန်ဖြစ်တဲ့ အခါ ထိုးကြိတ်လို့ လွယ်အောင် မတ်မတ်စပြီး ရပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အသစ်တခုက ဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ယူးတား တက္ကသိုလ်က ပါမောက္ခ ဒေးဗစ် ကယ်ရီယာက သမိုင်းဦး လူတွေဟာ မိတ်လိုက်ဖက်ရှာရင်း ကိုယ့် ကလေးငယ်တွေကို ကာကွယ်ရင်း တခြားလူတွေနဲ့ တိုက်ခိုက်ကြရတဲ့ အခါ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်ပြီး ထိုးရင် သုံးဆလောက် ပိုပြီး ပြင်းထန်တဲ့ အားနဲ့ ထိုးနိုင်တယ်ဆိုတာကို တွေ့ရကြောင်း သုတေသနပြုချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာဦး လူသားတွေ လေးဖက်သွားရာက ဘယ်လို မတ်တတ် ရပ်လာခဲ့သလဲ ဆိုတဲ့ သီအိုရီကို ပညာရှင်တွေ ဆွေးနွေး ငြင်းခုံနေကြတာ ကြာပါပြီ။ အပင် အမြင့်တွေ ပေါ်မှာ ရှိတဲ့ သစ်သီးတွေ ခူးစားလို့ ရအောင်လို့ တချို့က ပြောသလို တချို့ကလည်း ပိုပြီး မြန်မြန် ပြေးနိုင်အောင်လို့လို့ ဆိုကြပြန်ပါတယ်။

အခု ပါမောက္ခ ကယ်ရီယာရဲ့ သီအိုရီကတော့ ကမ္ဘာဦးလူတွေဟာ တိုက်ခိုက်ရေးမှာ ပိုပြီး အစွမ်းထက်အောင်၊ တဖက် ရန်ဖက်ကို အပေါ်စီးက ချ နိုင်အောင် ထရပ်လာတာ ဖြစ်နိုင်တယ်လို့ ဆိုနေပါတယ်။

နောက်ပြီး အမျိုးသမီးတွေကလည်း အရပ်ရှည်တဲ့ လူတွေကို ပိုပြီး စွဲလမ်းတတ်ကြတယ်၊ ဒါကလဲ အရပ်ပိုမြင့်တဲ့ လူက တိုက်ပွဲတွေမှာ အနိုင်ပိုရပြီး သူ့ရဲ့ သားသမီးတွေက အသက်ရှင်နိုင်စွမ်း ပို များတယ်၊ တခါ အရပ်ရှည်တဲ့ လူ နဲ့ ပေါင်းဖက်ရရင် မွေးလာတဲ့ ကလေးတွေဟာလည် ပိုပြီး အရပ်ရှည်ကြ သန်စွမ်းကြတယ်လို့ ယူဆခဲ့ကြဟန် တူကြောင်းလဲ ပါမောက္ခ ကယ်ရီယာက ပြောခဲ့ပါတယ်။