IMF အကြီးအကဲ တရားစွဲခံရပြီ

Strauss-Kahn in court ဓာတ်ပုံ မူပိုင် Getty
Image caption တရားရုံးထဲက Mr. Strauss-Kahn

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အိုင်အမ်အက်ဖ် ရဲ့ အကြီးအကဲဟောင်း Dominique Strauss-Kahn ကို ဟိုတယ်အလုပ်သမတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု အဓမ္မပြုကျင့်ဖို့ ကြိုးစားမှု စွဲချက်ပေါင်း ၇ ခုနဲ့ နယူးယောက်က ဂျူရီ ခုံအဖွဲ့က တရားစွဲဆို လိုက်ပါတယ်။

သူ့ကို တရားရုံးက အာမခံပေးခဲ့ ပေမဲ့ လိုအပ်တဲ့ စာရွက်စာတန်းတွေ ပြင်ဆင်ဖို့ ရှိသေးတဲ့ အတွက် သူ နောက်ထပ် တစ်ည အချုပ်ထဲမှာ ပဲ နေရ ဦးမှာ ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ် ဗဟိုတရားရုံးတရားသူကြီး မိုက်ကယ် အိုးဘတ်စ်က အာမခံငွေကို ဒေါ်လာ တသန်း သတ်မှတ်လိုက်ပြီး Mr Strauss-Kahn ဟာ နေအိမ်အကျယ်ချုပ်နဲ့ နေရမယ်၊ သူ့ သွားလာမှုကို စောင့်ကြည့်နိုင်တဲ့ အီလက်ထရောနစ် ကိရိယာလဲ ကိုယ်မှာ တပ်ထားရမယ်လို့ အမိန့်ချခဲ့ပါတယ်။

တရားစွဲ အရာရှိ ဂျွန် မက်ကောနယ်ကတော့ Mr Strauss-Kahn ကို ဖမ်းမထားရင် သူ ထွက်ပြေးသွားမှာကို စိုးရိမ်ရတယ်လို့ ပြောပါတယ်။

Mr Strauss-Kahn ဟာ ငွေကြေးကြွယ်ဝသူ အဆက်အသွယ်ကောင်းသူ တယောက် ဖြစ်တဲ့ အတွက် အမေရိကန် နိုင်ငံထဲမှာပဲ ပုန်းအောင်းခိုလှုံနေမှာ မဟုတ်ပဲ တခြားကို ထွက်ပြေးသွားရင် အမေရိကန် ဥပဒေ လက်လှမ်းမမီတော့မှာကို စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

Mr Strauss-Kahn ကတော့ သူ့အပေါ်စွဲဆိုချက်တွေကို ငြင်းထားပါတယ်၊ အမှုကို အာရုံစိုက်ပြီး ရင်ဆိုင်နိုင်အောင်လို့ ဆိုပြီး ကြာသပတေးနေ့က IMF အကြီးအကဲ ရာထူးကလဲ နှုတ်ထွက်လိုက်ပါတယ်။

သူဟာ အပြင်းထန်ဆုံး စွဲချက်အရဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၂၅နှစ် အထိ ကျခံနိုင်ရဘွယ် ရှိပါတယ်။

Mr Strauss-Kahn ဟာ လာမဲ့နှစ်မှာ ကျင်းပမဲ့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ ထိပ်က ပြေးနေသူတဦးအဖြစ် သတ်မှတ်ခံ ထားရသူ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အရင်တုန်းကတော့ ထက်မြက်တဲ့ ခေါင်းဆောင်

Mr Strauss-Kahn ကို IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကြီးရဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းရှိသူ ခေါင်းဆောင်တဦးအဖြစ် အများက မြင်ကြပေမဲ့ အခုလို New York မြို့မှာ အထိန်းသိမ်းခံလိုက်ရတဲ့ အတွက် Brussels မြို့မှာ ကျင်းပနေတဲ့ EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို သူ တက်ရောက်နိုင်စွမ်း မရှိတော့ပါဘူး။

Mr Strauss-Kahn ဟာ ဥရောပ ဒေသမှာ ငွေကြေး တည်ငြိမ်မှုရှိရေး ကြိုးပမ်းမှုတွေမှာ အဓိက အရေးပါတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပြီး သူမရှိတဲ့အတွက် ဥရောပဇုံအတွင်း ငွေကြေး ကယ်ဆယ်အကူအညီပေးရေးမှာ အရေးပါတဲ့ နိုင်ငံရေးအင်အားတခု လျော့သွားမှာ ဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က ပြောပါတယ်။