အိုဘားမား အရှေ့အလယ်ပိုင်း မူဝါဒ ကြေငြာ

အမေရိကန် သမ္မတ ဘာရက် အိုဘားမားဟာ ကြာသပတေးနေ့က အရှေ့အလယ်ပိုင်း ဆိုင်ရာ နိုင်ငံခြားရေးရာ ပေါ်လစီ နဲ့ ပတ်သက်တဲ့ ကျယ်ပြန့်တဲ့ မိန့်ခွန်း တခုပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ဒီမိုကရေစီအရေးကို ထောက်ခံသွားမယ်လို့ ဆို

ပြုပြင်ပြောင်းလဲရေး နဲ့ ဒီမိုကရေစီ သို့ အသွင်ကူးပြောင်းရေး တွေဟာ အမေရိကန် ရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ ပေါ်လစီ ဖြစ်မယ်လို့လည်း သူ ကဆိုပါတယ်။

အမေရိကန် ဟာ တူနီးရှား က လမ်းပေါ်စျေးသည်တဦး ရဲ့ လူသား ဂုဏ်သိက္ခာ ကို အာဏာရှင် တဦးရဲ့ လုပ်ပိုင်ခွင့်တွေထက် ပိုတန်ဖိုးထားတယ် ဆိုတာ ပြသ ဖို့ အခွင့်အလမ်း ကို ရခဲ့ပြီ လို့ လည်းပြောခဲ့သလို လူထု ဆန္ဒပြပွဲ ကို အကြမ်းဖက် ဖြိုခွဲနေတဲ့ ဆီးရီးယား ၊ လစ်ဗျား နောက် အီရန် တို့လို နိုင်ငံ တွေ ကိုလည်း သတိပေးခဲ့ ပါတယ်။

သမ္မတ အိုဘားမား က ဆီးရီးယား အနေနဲ့ သူ့ပြည်သူတွေကို နှိပ်ကွပ်ဖြိုခွဲနေတာ၊ လူအများအပြား ကို ဖမ်းဆီးထောင်ချ နေတာတွေလုပ်ဆောင်တဲ့ လမ်း ကို ရွေးချယ် နေပါတယ်။ ဒီလိုလုပ်ရပ်တွေ ကို အမေရိကန် အနေနဲ့ ကန့်ကွက်တယ်။ ဆီးရီးယား သမ္မတအနေနဲ့ သူ ဦးဆောင်ပြီး ပြုပြင် ပြောင်းလဲရေး တွေလုပ်မလား ဒါမှမဟုတ် လုပ်မယ့်သူ တွေကို သူ ဖယ်ပေးမလား ဆိုတာ အခု ပဲ ရွေးချယ်ဖို့ လို နေပါပြီလို့လဲ သူက ပြောသွားပါတယ်။

အမေရိကန် ဘက်က အခု အရှေ့အလယ်ပိုင်း ပေါ်လစီမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း ကို ရောက်လာတဲ့ အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိက နိုင်ငံတွေကို စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းတွေ ပေးမယ့် အစီအစဉ် တွေလည်း ပါဝင်ပါတယ်။

အဲဒီထဲမှာ အီဂျစ် က ပေးစရာ ရှိတဲ့ အကြွေး ဒေါ်လာ သန်း တထောင် ကို လည်း လျော်ပစ်ခဲ့ သလို အကူအညီ ပေးတာမျိုးတင် မဟုတ်ပဲ ကုန်သွယ်ရေး ကို မြှင့်တင်သွားတာ၊ ရင်းနှီးမြှုပ်နှံမှု တွေကို တိုးချဲ့ သွားတာ စတာတွေကို လုပ်ဆောင်သွားမယ့် အစီအစဉ် တွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ပွဲ မတိုင်ခင်က နယ်နိမိတ်အတိုင်း ရှိသွားဖို့ အိုဘားမားပြော

တခါ ဒီ အရှေ့အလယ်ပိုင်း ပြဿနာတွေမှာ အခရာ ကျတဲ့ အရေး ဖြစ်တဲ့ ပါလက်စတိုင်း အစ္စရေး ပြဿနာ နဲ့ ပတ်သက်လို့ လည်း ပါလက်စတိုင်း အစ္စရေး ၂ နိုင်ငံ တည်ရှိ မှု ကို အသိအမှတ် ပြုတာ အပြင် ၂ နိုင်ငံ ကြား အကြီးအကျယ် အထိမခံ အငြင်းပွား နေတဲ့ နယ်နမိတ် သတ်မှတ် မှု ကိစ္စနဲ့ ပတ်သက်လို့ ၁၉၆၇ အာရပ်အစ္စရေး ၆ ရက် စစ်ပွဲ မတိုင်မီ ပါလက်စတိုင်း နဲ့ အစ္စရေး ကြား ရှိခဲ့တဲ့ နယ်မြေ ဧရိယာ သတ်မှတ်မှု ကို အခြေခံ ဖို့ မစ္စတာ အိုဘားမား က ထည့်သွင်း ပြောခဲ့ပါတယ်။

ဒီလို သတ်မှတ် မှု ဟာ ပါလက်စတိုင်း တို့ ရဲ့ အရင် နယ်နမိတ် ဆိုင်ရာ သဘောထားနဲ့ လည်း တူညီ နေပါတယ်။

ဒါဟာ အမေရိကန်တို့ရဲ့ မူဝါဒမှာ အပြောင်းအလဲ တွေ့ရတာလို့ တချို့က သုံးသပ်ပါတယ်။ သောကြာနေ့မှာ အမေရိကန်ကို ရောက်လာဖို့ ရှိတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နက်တာညာဟူးကတော့ ၁၉၆၇ ခုနှစ်မတိုင်ခင်က နယ်ခြားသတ်မှတ်ချက်တွေ အတိုင်းပြန်သွားဖို့ကို အစ္စရေးကတော့ ဆန့်ကျင်တယ်လို့ ပြောလိုက်ပါတယ်။

ပါလက်စတိုင်းက ဟားမတ်စ်အဖွဲ့ကတော့ သမ္မတ အိုဘားမားကို အပြောတွေချည်း လုပ်မနေပဲ အလုပ်နဲ့ တကယ်တန်း သက်သေပြဖို့ တောင်းဆိုလိုက်ပါတယ်။

အခု လို အစ္စရေး ပါလက်စတိုင် ငြိမ်းချမ်းရေး အတွက် ထူးခြားတဲ့ မိန့်ကြားချက် တွေ ပါဝင်ပြီး အရှေ့အလယ်ပိုင်းရေးရာ နဲ့ ပတ်သက်ကို ကျယ်ပြန့်တဲ့ သဘောကို ဆောင်တဲ့ သမ္မတ အိုဘားမား မိန့်ခွန်း ဟာ မူဆလင် ကမ္ဘာနဲ့ ပတ်သက်လို့ ချဉ်းကပ်မှု အသစ် တခု ကို စတင်လိုက်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။