ဆီးရီးယား သမ္မတကို အမေရိကန်တို့ ဒဏ်ခတ် ပိတ်ဆို့

  • 19 မေ 2011
syria ဓာတ်ပုံ မူပိုင် AP
Image caption အစိုးရ နှုတ်ထွက်ပေးဖို့ ဆီးရီးယား ပြည်သူတွေ က တောင်းဆိုခဲ့ကြ

လူ့အခွင့်အရေး ချိုးဖေါက်ခဲ့မှုတွေအတွက် ဆီးရီးယား သမ္မတ Bashar al-Assad နဲ့ တခြား အဆင့်မြင့် အစိုးရ အရာရှိ ၆ဦးအပေါ် အမေရိကန် အစိုးရက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြဌာန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ ဒါမှမဟုတ် အမေရိကန် တရားစီရင်ပိုင်ခွင့် နယ်ပယ် အောက်မှာ ရှိနေတဲ့ အဲဒီ ပုဂ္ဂိုလ်တွေပိုင် ပစ္စည်း ဥစ္စာ မှန်သမျှကို မထုတ်ယူနိုင်အောင် တားဆီး ပိတ်ပင်ထားမယ် လို့ သိရပါတယ်။

ဒါဟာ ကန့်ကွက် ဆန္ဒပြမှုတွေကို နှိပ်ကွပ်ခဲ့မှုနဲ့ သမ္မတ al-Assad အပေါ် ပစ်မှတ်ထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ပထမဆုံးအကြိမ် အရေးယူ ဆောင်ရွက် လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက အမေရိကန် သမ္မတ Obama က သမ္မတ al-Assad ရဲ့ ညီ Maher ၊ သူ့ ဝမ်းကွဲတော်သူနဲ့ ထောက်လှမ်းရေး အကြီးအကဲတို့ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြဌာန်းခဲ့ပါတယ်။

အခု အချိန်ဟာ Bashar al-Assad အနေနဲ့ ဆီးရီးယား နိုင်ငံကို ဒီမိုကရေစီ အသွင် ကူးပြောင်းရာမှာ ဦးစီးဆောင်ရွက် ပေးရင်ပေး မဟုတ်ရင် ရာထူးကနေ ဆင်းပေးရမဲ့ အချိန် ရောက်နေပြီလို့ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိ ပုဂ္ဂိုလ် တဦးက ပြောပါတယ်။

ဆန္ဒပြသူတွေကို ကိုင်တွယ်ရာမှာ သူ့လုံခြုံရေး တပ်ဖွဲ့တွေမှာ အမှားအယွင်းတွေ ရှိခဲ့တယ်လို့ သမ္မတ al-Assad က အစောပိုင်းက ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ရက်ပေါင်းများစွာ အဝိုင်းခံထားရတဲ့ လက်ဘနွန်နယ်စပ် နားက တယ်လ် ခလာ့ မြို့မှာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဘီဘီစီက နောက်ထပ် ရခဲ့ချိန်မှာပဲ သမ္မတ al-Assad က အခုလို ဝန်ခံ ပြောဆိုလိုက်တာပါ။

အဲဒီ တိုက်ခိုက်မှုတွေ အတွင်း အနည်းဆုံး လူ၂၇ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။