IMF အကြီးအကဲ နေရာ ဘယ်သူ ရမလဲ

  • 22 မေ 2011
IMF ဓာတ်ပုံ မူပိုင် BBC World Service
Image caption IMF

IMF အကြီးအကဲ DSK (Dominique Strauss-Kham) ရာထူးက နှုတ်ထွက် ပြီးနောက်မှာ အိုင်အမ်အက်ဖ နေရာကို ဘယ်သူ ဆက်ခံ မလဲဆိုတာ သက်ဆိုင်သူ အားလုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။

ဥရောပ နိုင်ငံတွေက ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး ခရစ်စတီး လက်ဂတ်ကို DSK နေရာကို ဆက်ခံ စေချင်ပြီး ခုနောက်ဆုံး ဗြိတိသျှ ဘဏ္ဍာရေး ဝန်ကြီး ဂျော့အော့စဘွန်းက ခရစ်စတီး လက်ဂတ်ကို IMF အကြီးအကဲ ရာထူး အတွက် တရားဝင် အဆိုပြုလိုက်ပါပြီ။

ဒါပေမယ့် ဒီရာထူးကို နောက်ထပ် အနောက် ဥရောပ နိုင်ငံသား တယောက်ယောက်ကို ခန့်ထားတာဟာ လက်ရှိ ကမ္ဘာ့ စီးပွားရေး အခြေ အနေတွေနဲ့ ကိုက်ညီမှု မရှိဘူး ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

IMFကို စစ်အေးတိုက်ပွဲ စတင်ချိန် အနောက် ဥရောပ နိုင်ငံတွေနဲ့ အမေရိကန်တို့ စီးပွားရေး အင်အား တောင့်တင်းချိန်က စဖွဲ့ခဲ့တာ ဖြစ်ပြီး သူ့သက်တမ်း တလျှောက်မှာ အကြီးအကဲ အားလုံးဟာ အနောက် ဥရောပ နိုင်ငံတွေကချည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကနေ့ အချိန်မှာ အနောက် ဥရောပ နိုင်ငံတွေရဲ့ စုစုပေါင်း စီးပွားရေး အင်အားထက် တက်သစ်စ နိုင်ငံတွေရဲ့ စီးပွားရေး အင်အားက ပိုအားကောင်းလာနေပြီး ဒီအချက်ဟာ IMF မှာလည်း ရောင်ပြန် ဟပ်သင့်တယ်လို့ လေ့လာသူ တချို့က ယူဆကြပါတယ်။

တနည်းအားဖြင့် IMF ကို အနောက် ဥရောပ နိုင်ငံတွေကချည်း ကြီးစိုးထားမှုကို လျှော့သင့်ပြီ ဆိုတဲ့ အမြင်က ခုချိန်မှာ အများကြီး ပိုအားကောင်း လာပါတယ်။

လောလောဆယ် ဥရောပ နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး၊ စီးပွားရေး အကျပ် အတည်းတွေကို IMF က ဝင်ကူရရင် ဥရောပ နိုင်ငံသား အကြီးအကဲက နိုင်ငံရေး ပယောဂ မပါတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ပါ့မလား ဆိုတာကိုလည်း တချို့က သံသယ ရှိကြပါတယ်။

အထူးသဖြင့် ခုရာထူးက နှုတ်ထွက် သွားပြီ ဖြစ်တဲ့ DSK လက်ထက်မှာ ဥရောပက ဒေဝါလီ ခံရလု နီးနီး အခြေအနေ ရောက်ခဲ့တဲ့ ဂရိလို နိုင်ငံတွေကို ရံပုံငွေ အဖွဲ့က ပိုက်ဆံ ထုတ်ချေးတဲ့ အခါ အရင် တင်းကြပ်တဲ့ ငွေချေးငှားမှု ဆိုင်ရာ စံနှုန်း စံထားတွေကို လျှော့လျှော့ ပေါ့ပေါ့ လုပ်ပေးခဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။

နောက်ပိုင်းမှာ IMF အကူအညီကို အလိုအပ်ဆုံး နိုင်ငံတွေဟာ လောလောဆယ် ကြွေးလည်ပင်း ခိုက်နေတဲ့ အနောက် ဥရောပက နိုင်ငံတွေ ဖြစ်စရာ ရှိတာမို့ ဒီအမြင်ကို ပိုအားကောင်း စေပါတယ်။

ခုလို အနောက် ဥရောပ နိုင်ငံသား တယောက်ကို ဆက်ခန့်ထားမှာ မလိုလားတဲ့ အပြောတွေ ရှိပေမယ့် စီးပွားရေး တက်သစ်စ နိုင်ငံတွေဘက်က ဘယ်သူ့ကို တင်မလဲ ဆိုတာ ခုထိ သဲသဲကွဲကွဲ မရှိသေးပါဘူး။

ပထမ တူရကီ ဗဟိုဘဏ် ဥက္ကဌကို အဆိုပြုနိုး အသံထွက်လာပေမယ့် ကာယံကံရှင် ကိုယ်တိုင်က ဘေးထွက် ထိုင်နေပြီး ခုနောက်ဆုံး ကာဇက်စတန် ဗဟိုဘဏ် ဥက္ကဌကို အဆိုပြုမယ်လို့ အရင် ဆိုဗီယက် ပြည်ထောင်စုက ကွဲထွက်လာတဲ့ နိုင်ငံတွေက ထုတ်ပြော လာပါတယ်။

ဘယ်သူ့ပဲ အဆိုပြုပြု အမေရိကန်ရဲ့ ထောက်ခံမှုဟာ အရေးကြီးပြီး အမေရိကန် ထောက်ခံမှု ရသူဟာ အကြီးအကဲသစ် ဖြစ်ဖို့ သေချာ သလောက် ရှိပါတယ်။